ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်

ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်

နိုဝင်ဘာ ၈ တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် သီတင်းနှစ်ပတ်ပင် မလိုတော့ပါ။ မြေပြင်အခြေအနေများနှင့် စိတ်လှုပ်ရှာ းခံစားမှုများအရ အနိုင်အရှုံး ရလဒ်ကို ကြိုတင် ခန့်မှန်းနိုင်ကြပြီ ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် သန့်ရှင်းပြီး လွတ်လပ်မျှတမည် ဆိုပါက ပြည်သူများလို လားသည့် နိုင်ငံပါတီကြီးသည် မလွဲမသွေ အနိုင်ရရှိပြီး၊ လွှတ်တော်သုံးရပ်တွင် အင်အားအများဆုံး   ဖြစ်လာကာ အစိုးရအာဏာ (ဝါ) အုပ်ချုပ်ရေး အာဏာကိုပါ ရရှိမည် ဖြစ်သည်။

သို့သော် ရွေးကောက်ပွဲသည် မြေပြင်အခြေအနေများထက် ပိုမို ရှုပ်ထွေး ခက်ခဲမည်ဖြစ်သဖြင့် နက်နဲလှသော ရွေးကောက်ပွဲ နိုင်ငံရေးဟု ဆိုအပ်သည်။ ညစ်ပတ်သည့် နိုင်ငံရေးဆိုသည်ကလည်း ရှိသေးသည်။ နိုင်ငံရေးတွင် မထင်မှတ်သည်များကလည်း ဖြစ်တတ်ပေသေးရာ မဲဆန္ဒရှင် ပြည်သူများ အတွက် သတိသည် ပိုသည်ဟူ၍ မရှိနိုင်ပါပေ။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်က ခန့်အပ် တာဝန်ပေးထားသည့် ဗိုလ်ချုပ်ကြီးဟောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က စီမံခန့်ခွဲရမည် ဖြစ်သည်။ ဦးတင်အေးသည် သမ္မတ ဦးသိန်းစိန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင်ဟောင်းတစ်ဦးလည်း ဖြစ်သည်။

မြန်မာပြည်၏ ခေတ်ပြောင်းခေတ်လွဲ ရွေးကောက်ပွဲဟု ဆိုထိုက်သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက စိတ်လှုပ်ရှားစွာဖြင့်   စောင့်ကြည့်သွားမည် ဖြစ်သည်။ မည်သို့သော ရလဒ်မျိုး ထွက်ပေါ်လာမည်ဟု ထင်ပါသလဲ။

နှစ်ပေါင်း ၅၀ ကျော် စစ်အစိုးရ အဆက်ဆက်အောက်တွင် ပိပြားငြိမ်ဝပ်စွာ နေထိုင်ရှင်သန်ခဲ့ရ သော မဲဆန္ဒရှင် ပြည်သူများသည် လာမည့်ရွေးကောက်ပွဲတွင်လည်း ပြုသမျှနုရမည့် အခြေအနေများ ရှိနေသည်ဟု အများစုက ခံစားနေကြရသည်။ ရွေးကောက်ပွဲသည် သူတို့ဘဝများကို ရုတ်ချည်းပြောင်း လဲနိုင်မည် မဟုတ်၊ စစ်အာဏာရှင်တဖြစ်လဲ လက်ရှိ အုပ်စိုးသူများကသာ အာဏာကို ဆက်လက် ကိုင်ထားလိမ့်မည်၊ လူထုထောက်ခံသော အဓိက အတိုက်အခံ ပါတီသည်လည်း အစိုးရအာဏာကို ရလိမ့်မည်မဟုတ်ဟု သူတို့ အများစုက ထင်မြင်နေကြသည်။

ပြည်သူများသည် ကောင်းသောအစိုးရ၊ ပြည်သူ့အသံကို ကိုယ်စားပြုသော လွှတ်တော်၊ မှန်ကန်မျှတသည့် တရားစီရင်ရေးစနစ်နှင့် ထိုက်တန်သူများ ဖြစ်သည်။ နိုင်ငံ၏ ဒေသတွင်း နယ်မြေ အချက်အခြာကျမှုနှင့် သဘာဝသယံဇာတ ပေါကြွယ်ဝမှုသည် တိုင်းပြည်ကို ချမ်းသာစေသင့်ပြီး ပြည်သူများကိုလည်း ငြိမ်းချမ်း အေးမြသော လူ့ဘောင်အတွင်းတွင် နေထိုင်စေခြင်းငှာ ထိုက်တန်ပါ လေသည်။

တကယ်တော့ မြန်မာ့ လူ့အဖွဲ့အစည်းသည် ညီညွတ်သော၊ ခင်မင်သော၊ မျှဝေခံစားသော၊ ငြိမ်း ချမ်းသော လူ့အဖွဲ့အစည်းမျိုး ဖြစ်သင့်ပါသည်။ မြန်မာ့တန်ဖိုးများနှင့် ချိန်ထိုးပြောရလျှင် အတ္တကို ရှေ့တန်းမတင်သော (ဝါ) အများအကျိုးကို ကြည့်သော၊ သူတစ်ပါးကို နစ်နာအောင် ပြုလုပ်ရန် အားနာတတ်သော၊ ကိုယ့်ရှိလျှင် သူများကို ပေးဝေးရန် အမြဲတမ်း အဆင်သင့်ရှိနေသော လူ့အဖွဲ့ အစည်းတွင် ကိုယ်ကျိုးအတ္တများ ခေါင်းထောင်ထကာ အာဏာကို တစ်သက်လုံး ကိုယ်ကျိုးသုံးလို သော ခေါင်းဆောင်များကို ပြည်သူများသည် မနှစ်မြို့တော့သည်မှာ သေချာသည်။

သို့ရာတွင် ယင်းအာဏာ ရယူထားသူများသည် နှစ်ပေါင်းများစွာ ကြာသည့်တိုင် အာဏာကို မစွန့်လွှတ်လိုသည့်အပြင် ပြည်သူများ မလိုလားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့်ပင် အာဏာ တံတိုင်းကို မနှောင့်ယှက်၊ မဖျက်ဆီးနိုင်ရန် ကျောက်တုံးထက် စာရေးသားထားသည်ထက်ပင် ဖျက်ဆီး သို့မဟုတ် ပြင်ဆင်ရန် ခက်ခဲအောင် ပြုလုပ်ထားပြန်ပါသည်။

မည်သို့ဆိုစေ မြန်မာပြည်တွင်းတွင် မှီတင်းနေထိုင်သူများသည် မြန်မာများသာ ဖြစ်သည့်အား လျော်စွာ မြန်မာ့တန်ဖိုးများကို အလေးထားသင့်ပါသည်။ ခေတ်ပြောင်းခေတ်လွဲ ရွေးကောက်ပွဲဖြစ် သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဖြင့် ကောင်းသော အပြောင်းအလဲတစ်ရပ်ကို ဆောင်ကျဉ်းသင့် ပါသည်။ ဘာသာ လူမျိုး မခွဲခြားသင့်ပါ၊ အာဏာရှိသူ အာဏာမဲ့သူ မခွဲခြားသင့်ပါ၊ အစိုးရနှင့် အတိုက် အခံဆိုပြီး မကွဲပြားသင့်ပါ။

အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်မှာ ပြည်သူများသာ ဖြစ်ပါသည်။ ယင်းပြည်သူများကို ကိုယ်စားပြုသည့် မဲဆန္ဒရှင် ပြည်သူများသည် လာမည့် နိုဝင်ဘာ ၈ တွင် အဆုံးအဖြတ် ပြုကြပါလိမ့် မည်။ ယင်းအဆုံးအဖြတ်သည် မျှတသော အဆုံးအဖြတ်တစ်ရပ် ဖြစ်ပါလိမ့်မည်ဟု မဇ္ဈိမက ယုံကြည် ပါသည်။ မြန်မာများအားလုံး အသက်ရှည်ရှည် ခင်ခင်မင်မင်နှင့် ညီညွတ်ကြရန် မဇ္ဈိမက သည်းသည်း လှုပ် တောင်းဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly