အန်ကယ်ဆမ် အာမခံတယ်

အန်ကယ်ဆမ် အာမခံတယ်

မကြာသေးခင်က အာဖဂန်နစ္စတန်မှာ အမေရိကန် အန်ကယ်ဆမ်က လေစွမ်းပြပါတယ်။ လေ စွမ်းပြတယ်ဆိုတာ လေကြောင်းကနေ ဗုံးကျဲတာပါ။ ဘယ်ထိအောင် ကျဲလိုက်သလဲဆိုရင် ဆေးရုံကိုပါ ကျဲပစ်လိုက်ပါတယ်။ ဒါကို အာဖဂန် နိုင်ငံခြားရေးဝန်ကြီးက ဆေးရုံထဲမှာ တာလီဘန်တွေ ရှိနေလို့ ဗုံးကျဲတာဆိုပြီး အမေရိကန်ဘက်ကနေ ဖြေရှင်းပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး တာဝန်ခံက တော့ ဆေးရုံထဲမှာ တာလီဘန်တွေပဲ ရှိနေရင်တောင်မှ ဗုံးကျဲခွင့် မရှိဘူး။ ဒါဟာ စစ်ရာဇဝတ်မှုပဲလို့ ဆိုပါတယ်။

ဒီဗုံးကျဲမှုကြောင့် လူ ၂၂ ယောက် သေဆုံးခဲ့ရပြီး နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF)က ဝန်ထမ်း ၁၂ ယောက် ပါသွားပါတယ်။ MSF ညွှန်မှူးစကားကို ဖတ်ရမှ မောင်မှန်ပိုပြီး ရင်နာရပါတယ်။ MSF ညွှန်မှူးက အမေရိကန်တွေ ပထမအကြိမ် ဆေးရုံကို ဗုံးကျဲပြီး ၁၅ မိနစ်အကြာမှာ အမေရိကန် တပ်ဖက်က ဆက်သွယ်နေကျသူတွေကို ဖုန်းနဲ့ ဆက်သွယ်ပြီး အခုဗုံးကျဲခဲ့တာ ဆေးရုံဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်တစ်နာရီအကြာမှာ အကြိမ်ကြိမ် ထပ်လာပြီး ထပ်ဗုံးကျဲခဲ့ပါသ တဲ့၊ ကောင်းကြရောပေါ့၊ နဂိုက သိပ်မသေချာသေးလို့ စမ်းကျဲလိုက်တာ ဖုန်းလာမှ ဆေးရုံဆိုတာ သေချာသွားပြီး အထပ်ထပ် ကျဲတော့တာ နေမှာ။

အမေရိကန် သမ္မတကြီး အိုဘားမားက စိတ်မကောင်းကြောင်း ကမန်းကတန်း ပြောပါတယ်။ ခင်ဗျားကတော့ ဆောရီးပဲ၊ ကျုပ်တို့ကတော့ ၂၂ ယောက် လျှော့သွားပြီလို့ ပြောရမလို ဖြစ်နေပြီ၊ နည်းနည်းလေး ကြာလာတော့လည်း ဟိုလိုလို ဒီလိုလိုနဲ့ ပြီးသွားတာပါပဲ။ အန်ကယ်ဆမ်တို့က ဒီအ ကြောင်းကို ကောင်းကောင်း သိပါတယ်။ ဒီဘက်နှစ်တွေမှာ ဗီယက်နမ်စစ်အကြောင်း၊ အီရတ်စစ်အ ကြောင်း ဘယ်သူမှ သိပ်ပြီး မပြောကြ၊ မရေးကြတော့ဘူးမို့လား။ ဘုန်းကြီးခေါင်းခေါက်ဖို့ ဝန်မလေးသ လို ကန်တော့ဖို့လည်း ဝန်မလေးတာ အမေရိကန်ပါပဲခင်ဗျာ။

အခု မောင်မှန်တို့ ဗမာပြည်ကိုလည်း ထိပ်ပုတ်၊ ခေါင်းပုတ်တော့ လုပ်နေပါပြီ။ ဗမာပြည်ဆိုတာ ဗမာပြည်သူ လူထုကြီးကို ဆိုလိုတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ ပေါ်ပေါက်ပြီးတဲ့နောက် အန်ကယ်ဆမ်ရဲ့ အာရုံညွှတ်မှုဟာ ပြောင်းသွားပါတယ်။ သူ တစ်သက်လုံး ပြောဆို အော်ဟစ်လာခဲ့တဲ့ ဒီမိုကရေစီရေး တွေ လူ့အခွင့်အရေးတွေထက် ၂၀၀၈ ဖွဲ့စည်းပုံရဲ့ နောက်ဆက်တွဲ ကိစ္စတွေကိုပဲ ပိုမို စူးစိုက်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို မသိမသာ ဘေးတီးပေးပြီး အန်ကယ်ဆမ်က သူ့ရဲ့ နောက်ကြောင်း ပြန်လှည့်မှု ပေါ်လစီကို စတင်လိုက်ပါတယ်။ (ပြည်ခိုင်ဖြိုးက နောက်ကြောင်း ပြန်မလှည့်ဘူး။ မပြောရ သေးခင်မှာ အမေရိကန်က နောက်ကြောင်း ပြန်လှည့်နေပါပြီ၊) ၂၀၁၂ ကြားဖြတ်ကြတော့ ဒေါ်အောင် ဆန်းစုကြည်ပါ ပါလာတော့ကာ မသိမသာ ဘေးတီးရာကနေ မြန်မာဆိုင်းဝိုင်းကြီးထဲ ဝင်ထိုင်ပြီး ဗိန်း ဗောင်းကို ပေါ်တင် တိုက်ပါတော့တယ်။ အမေရိကန် ခေါင်းဆောင်ကြီးတွေ တစ်ယောက်ပြီးတစ် ယောက် ဗမာပြည်ကို ရောက်လာကြပြီး မြန်မာ့နွေဦးကို ချီးကျူးထောပနာ ပြုပါတယ်။ အိုဘားမားရဲ့ Change ပေါ်လစီဟာ ဗမာပြည်မှာ အတုမရှိ အောင်မြင်ကြောင်း သက်သေထူကြပါတယ်။ ဗမာပြည် သူ လူထုရဲ့ ဒုက္ခအလီလီကို မသိကျိုးကျွံပြုပြီး ကျားကျားမီးယပ် လုပ်ကြတာပါ။ (နေမကောင်းဘူးဆိုမှ ဇွတ် ဆိုသလိုပါပဲ)

၂၀၁၅ ရွေးကောက်ပွဲကြီး နီးလာတော့ မြန်မာ့ ဆိုင်းဝိုင်းကြီးနဲ့ ဘေးတီး၊ ပေါ်တင်တီးတာတွေ အပြင် သြခက်စတြာ ဝိုင်းကြီးပါ ဆင်းပြီး အပြတ်တီးမှုတ် ပါတော့တယ်။ မဲစားရင်း မှားယွင်းမငတွေ၊ ပြည်ပရောက် နိုင်ငံသားတွေရဲ့ ကြိုတင်မဲ ပြဿနာတွေ၊ NLD ကိုယ်စားလှယ်တွေ ပါတီဝင်တွေ နှိပ်ကွပ်ခံနေရတာတွေ အများအပြား ဖြစ်ပေါ်နေတာ အားလုံးအသိပါ။ ဒါပေမယ့် အောက်တိုဘာ ၂၀ မှာ ဗမာနိုင်ငံကို ရောက်ရှိလာတဲ့ အိုဘားမားရဲ့ လက်ထောက်လည်းဖြစ်၊ မဟာဗျူဟာ ဆက်ဆံရေးနဲ့ မိန့်ခွန်းရေးသားရေး ဌာနရဲ့ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေး ဘန်ရုဒ်(အံမယ်လေ သူ့ဂုဏ်ပုဒ် တွေ ရေးရတာ လက်တောင်ညောင်းတယ်)၊ ဟာ ဗမာထိပ်တန်း ခေါင်းဆောင်တွေနဲ့ လှည့်ပတ် တွေ့ဆုံခဲ့ပါတယ်။ တွေ့ပြီးတဲ့နော်က ၂၀၁၅ ရွေးကောက်ပွဲကို မှတ်ချက်ပေးပါတယ်။ ရွေးကောက်ပွဲဟာ အခွင့်အရေးလည်းရှိ စိန်ခေါ်မှုလည်း ရှိနေတဲ့သဘော ပြောပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့လည်း မျှော်လင့်သတဲ့၊ ဇွတ်ကို လွတ်လပ်၊ ဇွတ်ကို မျှတခိုင်းတော့တာ၊ သူတို့ဖော်ထားတဲ့ ရွေးကောက်ပွဲ ဆေးခါးကြီးကို ပျားရည်ချိုဆိုပြီး ဗမာလူထုကို အတင်းတိုက်နေပါပြီ၊ တလောကလာသွားတဲ့ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ်ရပ်ဆဲ(လ်) က လည်း ရွေးကောက်ပွဲကိုတောင် ကျော်လွန်သွားပြီး အာဏာမအပ်ရင်တောင် အာဏာအပ်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ သူတို့မှာ ရှိသတဲ့။ (သူကတော့ အိပ်မက်ထဲတင် မိန်းမယူပြီး သားသမီး မြေးမြစ်တွေပါ ရနေပြီ) ခုနောက်ဆ့ုး ပြောသူကတော့ အမေရိကန် အထက်လွှတ်တော် လူများစု ခေါင်းဆောင် အမတ်မင်း မစ်မက်ကောနယ်ပါ။ သူူဟာ ဗမာပြည်အရေးကို အစဉ်တစိုက် စိတ်ဝင်စား သူဖြစ်ပြီး အမြဲတမ်းလည်း မှတ်ချက်ပေးတက်သူ ဖြစ်ပါတယ်။ သူကလည်း ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ မျှောလင့်စရာ ရှိပါတယ်တဲ့။ အမေရိကန် အစိုးရပိုင်းရော လွှတ်တော်ပိုင်းကပါ အသံတွေက သိပ်မကွဲပါဘူး။ ဒီဝါကျွတ်မှာ ငါ့ဟောကိန်းအတိုင်း မင်း မိန်မမရလို့ ကတော့ ငါ့တူမနဲ့ ပေးစားမှာဆိုတဲ့ ဗေဒင်ဆရာလိုပဲ ရွေးကောက်ပွဲဟာ တရားမျှတကို တရားမျှတမှာ ပါပဲလို့ အာမခံ ရဲနေကြပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေတွေ၊ လူ့အခွင့်အရေးတွေ လေးချိတ်ထားလိုက် ပါပြီ။ ဗမာနိုင်ငံကိုလည်း (Normal State)ပုံမှန် နိုင်ငံစာရင်းထဲ အမေရိကန်က တရားဝင် ပြန်သွတ် သွင်းခဲ့ ပြီးပါပြီ။ သူတို့ ကောက်ချက်ကလည်း မှတ်သားစရာ ကောင်းသားခင်ဗျာ၊ အစိုးရရှိတယ်၊ အတိုက်အခံရှိတယ်၊ ရွေးကောက်ပွဲရှိတယ်၊ သပိတ်မှောက်ပွဲ ရှိတယ်၊ ဆန္ဒပြပွဲရှိတယ်၊ ဒါဆိုရင် Normal State ပဲတဲ့၊ အတော်မြင့်မားတဲ့ စံချိန်စံညွှန်းပဲနော်။

မောင်မှန် ဒါတွေရေးနေတာ ပြည်ပအားကို ပုဆိန်ရိုးမို့ မဟုတ်ပါဘူး။ အားကိုးမှားခဲ့သူတွေ အားကိုးမှားဦးမယ့်သူတွေကို သိစေချင်တာပါ။ မောင်မှန်က ဘယ်သူ့မှ အားမကိုးပါဘူး။ ကိုယ့်ကို ကိုယ်လည်း အားမကိုးပါဘူး။ ချောင်သလိုနေတဲ့ မောင်မှန်ပါ။ ဒါကြောင့် သိပ်ပြဿနာ မရှိပါဘူး။ အားကိုးရှာတက်တဲ့ သူများသာ သတိထားကြပါခင်ဗျာ။

ဒီလို အခါသမယကြီးမှာ အချိန်နဲ့ တပြေးညီစွာပဲ ဗြိတန်အခြေစိုက် Global Witness အဖွဲ့ကြီး ရဲ့ မြန်မာနိုင်ငံ၏ ကြီးမားသည့် နိုင်ငံတော် လျှိုးဝှက်ချက်ဆိုတဲ့၊ မြန်မာ့ ကျောက်စိမ်းဆိုင်ရာ အစီအရင် ခံစာကြီး ထွက်ပေါ်လာပါတယ်။ (ဆိုင်းဆရာ မြန်မာပြည်ကျောက်စိမ်းနဲ့တော့ ဘာမှမဆိုင်ဘူး ထင်ပါ တယ်။) တရုတ်သွင်းကုန်၊ အချက်အလက်တွေအရ ၂၀၁၄ တစ်နှစ်ထဲမှာတင် မြန်မာ့ ကျောက်စိမ်း ကဏ္ဍမှ တရုတ်ကို တင်ပို့ခဲ့တဲ့ ပမာဏဟာ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ရှိသတဲ့။ အဲဒီ အကျိုး အမြတ် အများစုကို ဦးသန်းရွှေမိသားစု၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ တပ်မတော်ပိုင် မြန်မာ့စီး ပွားရေး ဦးပိုင်၊ ခရိုနီပိုင် ကုမ္ပဏီတွေနဲ့ မူးယစ်ရာဇာတွေက လာထိန်းချုပ်ခဲ့ကြတယ်တဲ့။ အစိမ်းတွေရဲ့ အစိမ်းပေါ် အစိမ်းဆင့်တဲ့ စိမ်းသရဖူစိမ်း ဇာတ်ထုတ်ကြီးဟာ ဘွားဘွားကြီး ပေါ်လာပါရောလား။ အစီ အရင်ခံစာ အနှစ်ချုပ်မှာ “နိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာပြီ ဖြစ်သလို သဘောထား တင်းမာသူမှုများသည် ဂိုဏ်းဂဏကွဲ အကြမ်းဖတ်မှုများနှင့် ညစ်ပတ်သည့် လှည့်စားမှုများ ဖြစ်စေရန် ရန်ပုံငွေ ထုတ်ပေးလာနိုင်သည်ကို စိုးရိမ်သူတစ်ချို့ ရှိနေချိန်တွင် မြန်မာနိုင်ငံသားများအနေဖြင့် ကျောက်စိမ်းမှ ရရှိသော ဝင်ငွေများ မည်သည့်နေရာ ရောက်ရှိသွားသည်ကို အမြန်ဆုံး သိရှိရန် လိုပေသည်” လို့ ဖော်ပြ ပါရှိသည်။ မောင်မှန်တို့ ပြည်သူတွေ တစ်သက်လုံး အဝိဇ္ဇာပိတ်ကာ ဆို့လာ တာ အခုမှပဲ ဉာဏ်ဝိဇ္ဇာအလင်း ထင်းကနဲ ဖြစ်ရပါတော့တယ်။ ဒီအတိုင်းဆို ကျောက်စိမ်းက ငွေတွေ မဲဆွယ်ပွဲ၊ ရွေးကောက်ပွဲ အကြံအဖန် ခွင်တွေထဲ စီးဝင်စရာ အကြောင်းရှိတာပေါ့။ ဒီအတိုင်းဆို အန်ကယ်ဆမ်တို့ အလိုအရ ရွေးကောက်ပွဲက…..။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly