နိုင်ဂျာ စစ်စခန်း တိုက်ခိုက်ခံရမှု စစ်သား ၂၅ ဦး နှင့် အကြမ်းဖက်သမား ၆၃ ဦး သေဆုံး

နိုင်ဂျာ စစ်စခန်း တိုက်ခိုက်ခံရမှု စစ်သား ၂၅ ဦး နှင့် အကြမ်းဖက်သမား ၆၃ ဦး သေဆုံး

ဇန်နဝါရီ ၁၀    ။                  ။ အနောက်အာဖရိကရှိ နိုင်ဂျာနိုင်ငံက စစ်တပ်အခြေစိုက်စခန်းတစ်ခုကို ဇန်နဝါရီ ၉ ရက်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုက တိုက်ခိုက်ခဲ့မှုကြောင့် စစ်သား ၂၅ ဦး ကျဆုံးသွားကြောင်း  ယင်းနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

အဆိုပါ စစ်စခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၂၅ ဦး ကျဆုံးပြီး အကြမ်းဖက်သမား ၆၃ ဦးကိုလည်း သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သွားသည်။

ချင်နီဂိုဒါ မြို့ရှိ စစ်စခန်းတစ်ခုကို ယင်းနေ့က တိုက်ခိုက်သူများက ကားများ၊ ဆိုင်ကယ်များဖြင့် စီးနင်းခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဆိုလေမာနီ ဂါဇိုဘီက ပြောသည်။

“ စစ်စခန်း တိုက်ခိုက်ခံရချိန်မှာ လေတပ်ရဲ့ လေကြောင်းစစ်ကူကိုပါ ခေါ်ပြီး ပြန်တိုက်ထုတ်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောသွားသည်။

ယခု တိုက်ပွဲဖြစ်ပွားသော ဧရိယာတွင် မကြာသေးခင်က ဂျီဟတ် တိုက်ခိုက်မှုတစ်ခုကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးထားသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားထားခဲ့သေးကြောင်း သိရသည်။

ယခု တိုက်ခိုက်မှုနှင့်ပတ်သက်၍ လက်သည်တရားခံ စစ်သွေးကြွအဖွဲ့အမည်ကို တိတိကျကျ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly