ရန်ကုန်၊ ဇန်နဝါရီ ၉။ ။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် JFE MERANTI (JMM)ကုမ္ပဏီမှ ၂၀၂၀ ခုနှစ်၌ အလုပ်အကိုင် အခွင့် အလမ်း ၃၀၀ ကျော်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း JMM ၏ ဥက္ကဋ္ဌ မစ္စတာ နိုဘူဆာက ပြောသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်က JFE Steel, Meranti Steel နှင့် ဂျပန်ထိပ်တန်း ကုန်သွယ်ရေးကုမ္ပဏီ သုံးခုတို့၏ ဖက်စပ်ကုမ္ပဏီဖြစ်သည့် JFE MERANTI ကုမ္ပဏီမှ ဂျပန်နိုင်ငံ၏ မြေ၊ အဆောက်အအုံ၊ သယ်ယူ ပို့ ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး ကူယိုရှီအာကာဘာ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်ကိုယ်စားလှယ် အီချီရို မာရုယာမနှင့် ဂျပန်နိုင်ငံတကာ စီမံကိန်းများဆိုင်ရာ ဒုဝန်ကြီး ဟိုက်ဒီကီဟီရာအား လက်ခံတွေ့ဆုံခဲ့စဉ် အထက် ပါ အတိုင်း ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။
JMM ၏ ဥက္ကဋ္ဌ မစ္စတာ နိုဘူဆာက “ ယနေ့အထိ JFE MERANTI တွင် ဝန်ထမ်းပေါင်း ၂၀၀ ခန့်ရှိပြီး၊ ၎င်းတို့ အနက် ၈၅% ကျော်သည် ကျွမ်းကျင်ဒေသခံ ဝန်ထမ်းများ ဖြစ်ကြသည်။ လာမည့် ၂၀၂၀ တွင် အလုပ်အကိုင် အခွင့်အလမ်း ၃၀၀ ကျော်ကို ဖန်တီးပေးမည်ဖြစ်ပြီး တိုက်ရိုက် အလုပ်အကိုင်များအပြင် JFE MERANTI ၏ ထုတ်ကုန်များအတွက် ထောက်ပံ့ပေးသော ပြည်တွင်းရှိ ဆက်စပ် အလုပ်အကိုင် ပေါင်းများစွာကိုပါ ဖန်တီးပေး လျက်ရှိသည်"ဟု ဆိုသည်။
JFE MERANTI ကုမ္ပဏီ၏ ရည်မှန်းချက်မှာ နည်းပညာဆိုင်ရာ ဝန်ဆောင်မှု ပေးခြင်းနှင့် ပြည်တွင်း ငွေကြေး တည်ငြိမ်မှုကို ကူညီပေးနိုင်ရန် ဖြစ်ကြောင်း သိရသည်။
JMM ၏ ဥက္ကဋ္ဌ မစ္စတာ နိုဘူဆာက “ JFE MERANTI ၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံ အလွှာအုပ် စတီးဈေး ကွက် အတွက် အရည်အသွေး မြင့်မားသော ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ရန် ဖြစ်သည်။ JFE MERANTI သည် ပြင်ပမှ သွင်းကုန်များကို အစားထိုးခြင်းဖြင့် ပြည်တွင်းတွင် ကျွမ်းကျင်သော အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ ပို့ဆောင်မှု ကြာချိန်ကို လျှော့ချပေးနိုင်ခြင်း၊ နည်းပညာဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းနှင့် ပြည် တွင်း ငွေကြေး တည်ငြိမ်မှုကို ကူညီပေးနိုင်ခြင်းတို့ ဖြစ်သည်"ဟု ပြောသည်။
JFE MERANTI (JMM)သည် ရန်ကုန်မြို့ရှိ သီလဝါ အထူးစီးပွားရေး စက်မှုဇုန်တွင် ကမ္ဘာ့အဆင့်မှီ ဆေး အရောင်အုပ်လိုင်းနှင့် သတ္တုအလွှာ အုပ်လိုင်း စသည့် အလွှာအုပ် စတီးထုတ်လုပ်သည့် လုပ်ငန်းဖြစ်သည်။