ဇန်နဝါရီ ၉ ။ ။ သြစတြေးလျနိုင်ငံ၏ လူနေထူထပ်သော အရှေ့တောင်ပိုင်းဒေသတွင် ဇန်နဝါရီ ၉ ရက်က တောမီးများ ပြန်လည် အားကောင်းလာသည့်အတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းမှုများ လုပ်ဆောင်ကြရန် အာဏာပိုင်တို့က တိုက်တွန်းထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရာသီဥတု ပြန်လည် ပူပြင်းလာခြင်းကလည်း တောမီးများကို အရှိန်ပိုကောင်းစေခဲ့ပြီး ယခုအခါ မြို့၊ ဒေသ ပေါင်း အများအပြားသည်လည်း ခြိမ်းခြောက်ခံနေရလျက် ရှိသည်။
ဗစ်တိုးရီးယားပြည်နယ်တွင် တောမီးအခြေအနေကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အထူးသတိပေးချက်တစ်ရပ် ထပ်မံ ထုတ်ပြန်လိုက်ရပြီး အန္တရာယ်ရှိသည့် ဇုန်များအတွင်းမှ ပြည်သူများ အမြန်ဆုံး ထွက်ခွာရေး အာဏာပိုင်တို့က တိုက်တွန်းဆော်သြခဲ့သည်။
ပြင်းထန်သည့် အခြေအနေများ ကြုံလာရနိုင်သည့်အတွက် အထူးသတိရှိကြရန် ဒေသခံ လူထုကို အဆိုပါ ပြည်နယ် ဝန်ကြီးချုပ် ဒန်နီရယ် အန်ဒရူးစ်က တိုက်တွန်းထားသည်။
သြစတြေးလျ တနိုင်ငံလုံးတွင် လောင်ကျွမ်းလျက်ရှိသော တောမီးများကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ ၂၆ ဦးအထိ ရှိခဲ့ပြီ ဖြစ်သည်။
မီးသတ်သမားများသည်လည်း ယင်းတောမီးများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိသော်လည်း ထိန်းချုပ်မနိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။