ယူကရိန်းလေယာဉ်ပျက်မကျမီ လေဆိပ်ဘက် ပြန်ဦးလှည့်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ

ယူကရိန်းလေယာဉ်ပျက်မကျမီ လေဆိပ်ဘက် ပြန်ဦးလှည့်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ

ဇန်နဝါရီ ၉။         ။ ဇန်နဝါရီ ၈ ရက်က တီဟီရန်မြို့အနီးတွင် ပျက်ကျသွားသည့် ယူကရိန်းခရီးသည်တင်လေယာဉ် ဘိုးရင်း ၇၃၇ သည် ပျက်မကျမီ လေဆိပ်ဘက်သို့ ပြန်ဦးလှည့်ခဲ့ကြောင်း အီရန်လေကြောင်းအာဏာ ပိုင်များ က ထုတ်ပြန်လိုက်သည်။

“လေယာဉ်က အစတုန်းက အနောက်ဘက်ကို ဦးတည်ပြီးထွက်သွားတာပါ၊ ပြဿနာ တစ်စုံတစ်ရာဖြစ်ပြီးတော့ ယာဘက်ပြန်ကွေ့ခဲ့တယ်၊ ပျက်ကျတဲ့အချိန်မှာ လေဆိပ်ဘက်ကို ပြန်ဦးလှည့်နေခဲ့တယ်” ဟု အီရန်လေကြောင်း လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လေယာဉ်သည် အမြင့်ပေ ၈၀၀၀ (၂၄၀၀ မီတာ) အရောက်တွင် ရေဒါမှ အဆက်အသွယ်ပြတ်တောက်သွားပြီး လေယာဉ်မှူးကလည်း မူမမှန်အခြေအနေအတွက် အသံမက်ဆေ့ဂျ်မပေးပို့ခဲ့ဟု ဆိုသည်။

မျက်မြင်သက်သေတစ်ဦးကလည်း လေယာဉ်က မီးအရှိန်ပြင်းပြင်းနဲ့လောင်ပြီး ပျက်ကျခဲ့သည်ကို မြင်လိုက်ရကြောင်းပြောသည်။

အီရန်လေကြောင်းလိုင်းအဖွဲ့အစည်းသည် မြေပြင်ပေါ်နှင့် လေယာဉ်ပျက်ကျချိန် ဘိုးရင်း ၇၃၇ အထက်တွင် ပျံသန်းနေသည့် ဒုတိယလေယာဉ်တစ်စီးပေါ်မှ မျက်မြင်သက်သေများကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၈ ရက်က အီရန်နိုင်ငံ တီဟီရန်မြို့အနီးတွင်ပျက်ကျခဲ့သည့် ယူကရိန်း ခရီးသည်တင်လေယာဉ်တွင် အီရန်နိုင်ငံသား ၈၂ ဦး၊ ကနေဒါနိုင်ငံသား ၆၃ ၊ လေယာဉ်အမှုထမ်းများအပါအဝင် ယူကရိန်းနိုင်ငံသား ၁၁ ဦး၊ ဆွီဒင်နိုင်ငံသား ၁၀ ဦး၊ အာဖဂန် ၄ ဦး၊ ဂျာမနီ ၃  ဦးနှင့် ဗြိတိန်နိုင်ငံသား ၃ ဦး စုစုပေါင်း ၁၇၆ ဦးသေဆုံးခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly