အမေရိကန်-အီရန် တင်းမာမှု ယူကရိန်းလေယာဉ်ပျက်ကျမှု စုံစမ်းရေးကို နှောင့်နှေးနိုင်

အမေရိကန်-အီရန် တင်းမာမှု ယူကရိန်းလေယာဉ်ပျက်ကျမှု စုံစမ်းရေးကို နှောင့်နှေးနိုင်

တီဟီရန်၊ ဇန်နဝါရီ ၉။           ။ ယမန်နေ့က တီဟီရန်မြို့တွင် ပျက်ကျခဲ့သည့် ယူကရိန်းလေယာဉ် ဘိုးရင်း ၇၃၇ ၏ Black Box နှစ်လုံးကို အီရန်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိခဲ့ပြီး ထုတ်လုပ်သည့်နိုင်ငံ အမေရိကန်ကို ပေးမည်မဟုတ်ကြောင်း အီရန်တို့က ပြောလိုက်သည်။

ယူကရိန်းနိုင်ငံ ကိယက်ဗ်သို့ဦးတည်ထွက်ခွါလာသော အဆိုပါယူကရိန်းလေကြောင်းလိုင်းပိုင်လေယာဉ်တွင် ခရီးသည် ၁၇၆ ဦးလိုက်ပါလာခဲ့သည်။ အီရန်နိုင်ငံတကာလေဆိပ်မှထွက်ခွါအပြီး ၃ မိနစ်အကြာ၌ လေဆိပ်အ နောက် မြောက် ၄၅ ကီလိုမီတာ (မိုင် ၃၀) အကွာရှိ လယ်ကွင်းတစ်ခုထဲသို့ အာရုဏ်တက်ချိန်က ပျက်ကျခဲ့ကာ လေယာဉ်ပေါ်ပါသူအားလုံး သေဆုံးသွားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာလေကြောင်းလိုင်းစည်းမျဉ်းစည်းကမ်းအရ လေယာဉ်ပျက်ကျမှုဖြစ်ခဲ့သည့်နိုင်ငံက စုံစမ်းစစ်ဆေးရန် အဓိကတာဝန်ရှိသည်။ အမေရိကန်က ဘိုးရင်းလေယာဉ်ထုတ်လုပ်သော်လည်း Black Box များကို လွှဲ ပြောင်းပေးမည် မဟုတ်ကြောင်း အီရန်တို့က ပြောထားသည်။

သို့သော် ထုံးစံအရ လေယာဉ်ထုတ်လုပ်သည့်နိုင်ငံနှင့် လေကြောင်းလိုင်းပိုင်နိုင်ငံများကလည်း စုံစမ်းစစ်ဆေးမှုတွင် ပါဝင်သင့်သည့်ကိစ္စဖြစ်နေပြန်သည်။ အီရန်နှင့်အမေရိကန်အကြား လတ်တလောအခြေအနေ တင်းမာမှု များကြောင့် လေယာဉ်ပျက်ကျရသည့်အကြောင်းရင်း စုံစမ်းရာတွင် နှောင့်နှေးမှုများရှိနိုင်သည်။  

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပျက်ကျမှုစုံစမ်းစစ်ဆေးရေးအတွက် အမေရိကန်ဘက်မှ အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဟု စကားကမ်းလှမ်းထားသည်။

စက်ချို့ယွင်းမှုကြောင့်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းနှင့်အီရန်အာဏာပိုင်များက ကနဦးတွင် ထုတ်ပြန်ခဲ့သော်လည်း လေကြောင်းလိုင်းမှတာဝန်ရှိသူများက အသေးစိတ် တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်းမရှိပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly