အီရတ်ရှိ အမေရိကန်နှင့်ညွန့်ပေါင်းမဟာမိတ်တပ်ဖွဲ့များ၏ စစ်အခြေစိုက်စခန်းများအား အီရန်တို့က ဒုံးလက်နက်များဖြင့် တိုက်ခိုက်မည်ကို အမေရိကန်တို့က သိနေခဲ့ပြီး ကြိုတင်သတိပေးချက်များလုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။
အီရန်၏ ဩဇာကြီး ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီကို ဒေါ်နယ်ထရမ့်၏အမိန့်ဖြင့် သုတ်သင်ခဲ့ပြီးနောက် အီရန်တို့က လက်တုံ့ပြန်သည့်အနေဖြင့် ဇန်နဝါရီ ၈ ရက်က အီရတ်ရှိ အမေရိကန်တို့၏ အယ်လ်အာဆတ်နှင့် အယ်ဘယ် လေတပ်အခြေစိုက်စခန်း ၂ ခု ကို ပစ်မှတ်ထားကာ ပဲ့ထိန်းဒုံးကျည် ၂၂ စင်းပစ်လွှတ်၍ တိုက်ခိုက်ခဲ့သည်။
မဟာမိတ်တပ်ဖွဲ့ ၁၅၀၀ ခန့် တပ်စွဲထားသည့် ဘဂ္ဂဒက်အနောက်ဘက် မိုင် ၁၀၀ ခန့်အကွာ အယ်လ်အာဆတ်စခန်းရှိ လေယာဉ်ရုံတစ်ခုမှာ ဆိုးဆိုးရွားရွားပျက်စီးသွားခဲ့သည်။
ကြိုတင်သတိပေးချက်ကြောင့် တပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံမှုရှိသည့်နေရာ၌ အကာအကွယ်ယူနိုင်ခဲ့ကြောင်း၊ ISIS စစ်ဆင်ရေးအတွက် အီရတ်တွင် ရောက်ရှိနေသည့် အမေရိကန်နှင့်ညွန့်ပေါင်းတပ်ဖွဲ့များသည် အချိန်မရွေးကျရောက်လာနိုင်သည့် ဒုံးလက်နက်များအတွက် စစ်ရေးလေ့ကျင့်မှုများ အမြဲလုပ်ဆောင်နေကြောင်း ၊ ကြိုတင်သတိပေးချက်က အလုပ်ဖြစ်ကြောင်း အမည်မဖော်လိုသူ အမေရိကန်တပ်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။