အမေရိကန်တပ်ဖွဲ့ဝင်များကို နိုင်ငံတွင်းမှ နှင်ထုတ်ရေး အီရတ်ပါလီမန် တောင်းဆို

အမေရိကန်တပ်ဖွဲ့ဝင်များကို နိုင်ငံတွင်းမှ နှင်ထုတ်ရေး အီရတ်ပါလီမန် တောင်းဆို
Photos: AFP

ဇန်နဝါရီ ၆ ။       ။ နိုင်ငံတွင်းမှာ ရှိနေသည့် ထောင်နှင့်ချီသော အမေရိကန်တပ်ဖွဲ့ဝင်များကို ပြန်လည်နှင်ထုတ်ရေး အီရတ်ပါလီမန်က အစိုးရကို တောင်းဆိုလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦး သုတ်သင်ခံရသည့် ကိစ္စ ပေါ်ပေါက်ပြီးနောက် အီရတ်ပါလီမန်တွင် အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ အီရတ်နိုင်ငံတွင်းမှ အမေရိကန်တပ်ဖွဲ့ဝင်များ ပြန်လည်ထွက်ခွာစေရန် လွှတ်တော်တွင် တောင်းဆိုမှု၊ ပြီးခဲ့သည့်ရက်က ယင်းနိုင်ငံရှိ အမေရိကန်သံရုံးအနီး ဒုံးကျည်များ ကျခဲ့မှုတို့ ရှိခဲ့ပြီးနောက် ယခုအခါ အီရတ်တွင် အမေရိကန်အပေါ် ဖိအားများ တိုးမြင့်လာလျက် ရှိသည်။

ဇန်နဝါရီ ၃ ရက်က ဘဂ္ဂဒက် နိုင်ငံတကာ လေဆိပ်တွင် ဒရုန်းတိုက်ခိုက်မှုတစ်ခုအတွင်း  အီရန် ဗိုလ်ချုပ်ကြီး ဆိုလေမာနီ နှင့် အီရတ်စစ်တပ် အဆင့်မြင့်အရာရှိ အဘူ မာဒီ အယ်လ် မူဟန်ဒစ် တို့ သေဆုံးမှု ဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် အမေရိကန်နှင့် အီရတ်အကြား ဆက်ဆံရေးသည်လည်း ဆိုးရွားလာနေခဲ့ပြီဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အမေရိကန်သံအမတ်ကြီးကို အီရတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ပြီးနောက် နာရီပိုင်းအကြာ ဇန်နဝါရီ ၅ ရက်တွင်လည်း အီရတ်ရှိ လုံခြုံရေးအထူးတိုးမြှင့်ထားသည့် အစိမ်းရောင်ဇုန်ထဲရှိ အမေရိကန်သံရုံးအနီး ဒုံးကျည်များ ကျရောက်မှု ဖြစ်ပေါ်ခဲ့သည်။

လက်ရှိ အီရတ်ဝန်ကြီးချုပ် အဒယ် အဗ္ဘဒယ်လ် မာဒီသည်လည်း ပါလီမန်အထူးအစည်းအဝေးတစ်ရပ်သို့ တက်ရောက်ခဲ့ပြီး အမေရိကန်တို့၏ တိုက်ခိုက်မှုသည် နိုင်ငံရေး လုပ်ကြံမှုဖြစ်ကြောင်း ပြစ်တင်ခဲ့သည်။

ယင်းနောက် အမေရိကန်တပ်ဖွဲ့ဝင်များကို အီရတ်နိုင်ငံတွင်းမှ ပြန်လည် ထွက်ခွာစေရေးနှင့်ပတ်သက်၍ ဝန်ကြီးချုပ် အဗ္ဘဒယ်လ် မာဒီသည်လည်း လွှတ်တော်အမတ် ၁၆၈ ဦးနှင့်အတူ ပူးပေါင်းဆွေးနွေးခဲ့သည်ဟု သိရသည်။

လက်ရှိတွင် အီရတ်နိုင်ငံတစ်ဝန်း ရောက်ရှိတပ်ဖြန့်ထားသည့် အမေရိကန်တပ်ဖွဲ့ဝင် အင်အား ၅,၂၀၀ ခန့် ရှိနေသည်။ ၎င်းတပ်ဖွဲ့ဝင်များသည် ယင်းနိုင်ငံတွင် အိုင်အက်စ် အုပ်စု၏ ထကြွမှုကို ကာကွယ်ရန် ပြည်တွင်းတပ်ဖွဲ့ဝင်များကို အကူအညီပေးရန် ရောက်ရှိနေခြင်းဖြစ်သည်။

“အိုင်အက်စ်ကို တိုက်ထုတ်ရာမှာ အထောက်အကူရဖို့ နိုင်ငံတကာ ညွန့်ပေါင်းအုပ်စုဆီကနေ အကူအညီတောင်းထားတဲ့ ပန်ကြားချက်ကို အစိုးရဘက်က ပြန်ရုပ်သိမ်းစေရေး ပါလီမန်ကတော့ မဲခွဲတောင်းဆိုလိုက်ပြီဖြစ်ပါတယ်” ဟု လွှတ်တော် ဥက္ကဌ မိုဟာမက် ဟယ်လ်ဘူစီက ကြေညာသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အီရတ်အစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့ ဆုံးဖြတ်မည်ကို မသိရသေးသော်လည်း ကနဦးပိုင်း အီရတ်ဝန်ကြီးချုပ်၏ မိန့်ခွန်းတစ်ရပ်ထဲတွင်လည်း အမေရိကန်တပ်ဖွဲ့ဝင်များ နှင်ထုတ်ရေးကိစ္စကို ထောက်ခံထားပြီးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly