ဂျပန်နိုင်ငံသား စက်ရုံပိုင်ရှင်မှ တရားစွဲဆိုထားသည့်အပေါ် ညှိနှိုင်းတောင်းဆိုမှုမလုပ်ပါက ဆန္ဒပြမည်ဟုဆို

ဂျပန်နိုင်ငံသား စက်ရုံပိုင်ရှင်မှ တရားစွဲဆိုထားသည့်အပေါ် ညှိနှိုင်းတောင်းဆိုမှုမလုပ်ပါက ဆန္ဒပြမည်ဟုဆို

ဇန်နဝါရီ ၂ ရက် ။           ။ ဂျပန်နိုင်ငံသားပိုင်  Myanmar Nissenkan ( အထည်စစ်) စက်ရုံပိုင်ရှင်မှ အလုပ်သမား ၁၆ ဦး အပေါ် တရားစွဲ ဆိုထားမှု ကို  ရုပ်သိမ်းပေးရန်နှင့် လုပ်ငန်းခွင်မှာ ပြန်လည် လုပ်ကိုင်ခွင့်ပေးရန်  တောင်းဆိုထားမှုကို ညှိနှိုင်းမှု မလုပ်ပါက  ဇန်နဝါရီ လအတွင်း ဂျပန်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း  စက်ရုံအလုပ်သမားများက ပြောသည်။

နစ်နာသူ အလုပ်သမား ၁၆ ဦးက ရန်ကုန်မြို့ရှိ၊ မြန်မာဂျာနယ်လစ်ကွန်ရက်တွင် ဇန်နဝါရီ ၂ ရက်က သတင်းစာ ရှင်းလင်း ပွဲ လုပ်ကာ ပြောလိုက်ခြင်း ဖြစ်သည်။

 အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများအဖွဲ့မှ ကိုကျော်ကျော်က“ မြန်မာနိုင်ငံရဲ့ ဥပဒေတွေကို လေးစား လိုက်နာမယ် ဆိုပြီး လက်မှတ်ထိုးပြီး ဝင်ထားတာ ရှိတယ်လေ။ ဒီအတိုင်း ဝင်လာလို့ မရတာ။ ဂျပန်စက်ရုံ အလုပ်ရှင်ဘက်က လေးစား လိုက်နာမှုမရှိလို့ ကျွန်တော်တို့ဘက်က ဒီလိုမျိုး ဖြစ်နေတာကို ဂျပန်သံရုံးရှေ့မှာ ဆန္ဒပြ တောင်းဆိုသွားပြီး ညှိနှိုင်းမှုတွေ လုပ်သွားမယ်”ဟု ပြောသည်။

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန် ကနောင်မင်းသားကြီးလမ်းရှိ Myanmar Nissenkan (အထည်စစ်)စက်ရုံတွင်   ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့က အလုပ်သမား ၁၆ ဦးသည် အလုပ်သမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားဆိုင်ရာ ကိစ္စများကို  ၁၀ ရက်ကျော် ကြာသည့်အထိ တောင်းဆိုခဲ့သော်လည်း  စက်ရုံပိုင်ရှင်မှ လိုက်လျောပေးရန်  ငြင်းဆိုခဲ့ခြင်း ကြောင့် စက်ရုံရှိ ကွန်တိုင်နာကားများကို  ပိတ်ဆို့တားဆီးခဲ့သည်။

အဆိုပါ ဖြစ်စဉ်အပေါ် စက်ရုံမန်နေဂျာမှ တရားလိုလုပ်ကာ အလုပ်သမား ၁၆ ဦးကို တားဆီးဟန့်တားမှု ပုဒ်မ  ၃၄၁ နှင့် လှိုင်သာယာမြို့နယ်ရဲစခန်းမှာ အမှုဖွင့် တရားစွဲဆိုခဲ့သည်။

စက်ရုံပိုင်ရှင်၏ စက်ရုံတွင်း အလုပ်သမားများအပေါ် ဥပဒေချိုးဖောက်နေခြင်းကို ဝန်ကြီးဌာနဆိုင်ရာသို့ တိုင်ကြားခဲ့ရာ ဥပဒေချိုးဖောက်မှုကို စစ်ဆေး ပေါ်ပေါက်ခဲ့သည့်တိုင် အရေးမယူဘဲ သတိပေးသည့် အဆင့်ဖြင့်သာ  ပြီးသွားခြင်းကြောင့် အလုပ်ရှင်အပေါ်မှာလည်း ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်သင့်ကြောင်း အလုပ်သမားများက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

Myanmar Nissenkan( အထည်စစ် )စက်ရုံပိုင်ရှင်သည် ဒီဇင်ဘာ ၂၇ ရက်က အလုပ်သမား ၁၆ ဦးနှင့် အကျိုးစီးပွားဆိုင် ရာ သဘောတူစာချုပ်(EC) ချုပ်ဆိုထားကြောင်း အလုပ်သမားများက ပြောသည်။

တရားစွဲဆိုခံထားရသူ ကိုမြင့်ဇော်က “သူတို့က ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်တာပါ။ ကျွန်တော်တို့ကို စိတ်မညစ် ညစ် အောင်၊ စိတ်ညစ်ပြီး အလိုလို ထွက်သွား အောင် ၊ နောက်ပြီးတော့ စက်ရုံထဲက အလုပ်သမားတွေနဲ့ ကျွန်တော်တို့နဲ့ စကားပြောတာ မကြိုက်ဘူး။ ကျွန်တော်တို့ စက်ရုံထဲ ဝင်ပြီး စကားပြောချင်တယ်ဆိုတော့ တစ်ယောက်မှ အပြောမခံဘူး။ အကုန်လုံးကို ပိတ်ပင် တားဆီးထားတယ်”ဟု ပြောသည်။

ဂျပန်နိုင်ငံသားပိုင် Myanmar Nissenkan( အထည်စစ်) စက်ရုံသည် ၂၀၁၆ ခုနှစ် ကတည်းက စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိတွင် စက်ရုံ ဝန်ထမ်းအင်အား ၂၀၀ ဖြင့်  လုပ်ငန်း လည်ပတ်လျက်ရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly