အွန်လိုင်းလောင်းကစားမှုတားမြစ်လိုက်ခြင်းကြောင့် တရုတ်နိုင်ငံသား ၄ သိန်းကျော် ကမ္ဘောဒီးယားမှထွက်ခွါ

By Khmer Times
02 January 2020
အွန်လိုင်းလောင်းကစားမှုတားမြစ်လိုက်ခြင်းကြောင့် တရုတ်နိုင်ငံသား ၄ သိန်းကျော် ကမ္ဘောဒီးယားမှထွက်ခွါ

ဖနွမ်းပင်၊ ဇန်နဝါရီ  ၂ ။           ။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်သည်  ၂၀၁၉ ခုနှစ် ဩဂုတ်လက လောင်းကစားရုံများနှင့် အွန်လိုင်း‌လောင်းကစားလုပ်ငန်းများကို တားမြစ်ရန်ညွှန်ကြားခဲ့ပြီးနောက် ရာထောင်ချီသော တရုတ်လူမျိုးများ နိုင်ငံအတွင်းက ထွက်ခွါသွားကြောင်း ကမ္ဘောဒီးယားလူဝင်မှုကြီးကြပ်ရေးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံအတွင်း၌ အွန်လိုင်းလောင်းကစားမှုများကို တားမြစ်ထားပြီး ခရီးသွားရာသီလည်းမဟုတ်သည့်အတွက် ရက်ရှည်ပြည်ဝင်ခွင့်ဗီဇာကိုင်ဆောင်ထားသူများအပါအဝင် တရုတ်နိုင်ငံသား ၄၄၇၆၇၆ ဦးသည် ကမ္ဘောဒီးယားနိုင်ငံမှ ထွက်ခွါသွားခဲ့ကြသည်။

အချို့ လိုင်စင်ရ အွန်လိုင်းလောင်းကစားလုပ်ငန်းများသည် အကြံအဖန်လုပ်နေကြပြီး လောင်းကစားအကြွေးမပေးနိုင်သူများကိုလည်း ခြိမ်းခြောက်မှုများလုပ်ကြောင်း  ဝန်ကြီးချုပ် ဟွန်ဆင်က ပြောသည်။

ကမ္ဘောဒီးယားရဲတပ်ဖွဲ့ဌာနက အွန်လိုင်းလောင်းကစားလုပ်ငန်းများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစ၍ အစိုးရမှ ခွင့်ပြုတော့မည်မဟုတ်ကြောင်း၊ ရာသက်ပန်ပိတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အာဏာပိုင်များမှ လောင်းကစားရုံများကို စစ်ဆေးရန် ပြင်ဆင်နေပြီဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုအရ လောင်းကစားရုံများကို တားမြစ်လိုက်သည့်အတွက် ပြီးခဲ့သည့်နှစ် ဇွန်လက လိုင်စင်ရလောင်းကစားရုံ ၁၆၃ ရုံရှိခဲ့ရာမှ ယခုလတွင် ၁၃၆ ထိ ကျဆင်းသွားကြောင်း၊ လောင်းကစားလုပ်ငန်းမှရသည့် အခွန်ဘဏ္ဍာငွေမှာလည်း ၁၂ ဒဿမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ် Ros Phearun က လောင်းကစားလုပ်ငန်း တားမြစ်ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများကို  အလေးအနက် ချင့်ချိန်စဉ်းစားရမည်ဖြစ်ကြောင်း၊ အခွန်ဘဏ္ဍာဆုံးရှုံးသော်လည်း ပြစ်မှုကျဆင်းသွားသည့် အကျိုးကျေးဇူးများကို ရရှိသွားမှာဖြစ်ကြောင်း ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly