ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး လက်တွဲဆောင်ရွက်ကြရန် KNPP တိုက်တွန်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး လက်တွဲဆောင်ရွက်ကြရန် KNPP တိုက်တွန်း
ပုံ - NRPC (fb) NRPC နှင့် KNPP တို့ ၂၀၁၉ ခုနှစ်၊မတ်လ ၁၈ ရက်က ငြိမ်းချမ်းရေးဆွေးနွေးစဉ်။

ရန်ကုန်၊ဇန်နဝါရီ ၁ ရက်။             ။ အမျိုးသားတန်းတူရေး၊ တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိသော ပြည်နယ်များ ပေါင်းစုထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး အတွက် ကရင်နီပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ လက်တွဲ ဆောင်ရွက်သွားမည်ဟု  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ ဥက္ကဋ္ဌ ခွန်းအေဘယ်တွိဒ်က ပြောသည်။

ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်ခဲ့သော ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူး ကြိုဆိုနှုတ်ခွန်းဆက် သဝဏ်လွှာတွင်ကို ကရင်နီ လက်နက်ကိုင်ဖြစ်သည့် KNPP ၏ ဥက္ကဋ္ဌဖြစ်သူ ခွန်းအေဘယ်တွိဒ်က အထက်ပါ အတိုင်း ပြောခဲ့ ခြင်းဖြစ် သည်။

“ NCA လက်မှတ်ထိုးသော လက်နက်ကိုင်အဖွဲ့အစည်းများတွင်မူ  အနာဂတ်ဖက်ဒရယ် တည်ဆောက်ရေးအတွက် ခိုင်မာကောင်းမွန်သော နိုင်ငံရေး ဆွေးနွေးမှု ရလာဒ်များ မရရှိခြင်းအပေါ် KNPP အနေဖြင့် ငြိမ်းချမ်းရေးဖြစ် စဉ်တွင် ထဲထဲဝင်ဝင်ပါဝင်ဖို့ အခက်အခဲဖြစ်စေတယ်”ဟု ၎င်းက သဝဏ်လွှာတွင် ပြောထားသည်။

ထို့နောက် ကယားပြည်နယ်အတွင်း ကရင်နီလူငယ်များ ၊ တောင်သူ အဖွဲ့အစည်းများအပေါ်  ပြည်နယ်အစိုးရက ဒေသန္တရ အမိန့် ထုတ်ပြန်၍ ဖမ်းဆီးခြင်း၊ ကရင်နီရဲဘော်(၃) ဦးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်ရပ် များက ငြိမ်းချမ်းရေး ဖြစ်စဉ်များကို များစွာ ထိခိုက်စေကြောင်းလည်း အသိပေး ပြောထားပါသည်။
 
KNPP အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်ရေးအတွက် နှစ်ဦးနှစ်ဖက် အပြန်အလှန် ကတိကဝတ်ပြုစာချုပ်( Deed of Commitment ) တစ်ခုကို ကြားခံအဖြစ် လက်မှတ်ထိုးရန် တင်ပြထားသော်လည်း အစိုးရနှင့် တပ်မတော် သဘောထားအား ယခုအချိန်အထိ မသိရသေးသည့်အတွက်  NCA မှာ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးကြောင်း KNPP ဥက္ကဋ္ဌ ခွန်းအေဘယ်တွိဒ်က ပြောသည်။

KNPP သည် ၂၀၁၂ ခုနှစ်ကတည်းက  အစိုးရနှင့် ပမာဏအပစ်အခတ်ရပ်စဲရေး(Bilateral) လက်မှတ် ရေးထိုးထားသော ကရင်နီ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည်။
လက်ရှိမှာလည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးနိုင်ရေးအတွက်လည်း အစိုးရနှင့် KNPP မှ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required