အစိုးရမှ တိုင်းတပါး လက်နက်ကိုင်ကို ကာကွယ်ပေးနေဟု ကူကီးလူငယ်ကွန်ယက်ပြော

By နန်းခမ်းဟေမာန်
30 December 2019
အစိုးရမှ တိုင်းတပါး လက်နက်ကိုင်ကို ကာကွယ်ပေးနေဟု ကူကီးလူငယ်ကွန်ယက်ပြော
ခန္တီးခရိုင်တရားရုံးက  ထောင် ၂ နှစ်စီချမှတ်လိုက်သည့် ကသည်းနှင့် အာသံ သူပုန်များ။  ဓာတ်ပုံ -  citizen journalists

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် ။             ။ စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကသည်းလက်နက်ကိုင်များက ပြည်သူအား လက်နက်အားကိုး၍ အနိုင်ကျင့် စော်ကားနေခြင်းအပေါ် အစိုးရအနေဖြင့် ပြည်သူများအား ကာကွယ်ပေးမှုမရှိဘဲ တိုင်းတပါး လက်နက်ကိုင်ကို ကာကွယ်ပေးနေသည်ဟု ကူကီးလူငယ်ကွန်ယက်(KYN)မှ ဒီဇင်ဘာ ၂၉ ရက်နေ့စွဲဖြင့် ထုတ်ပြန် ပြောလိုက်သည်။

အဆိုပါ ထုတ်ချက်တွင် တိုင်းတပါး လက်နက်ကိုင်များသည် နိုင်ငံတော်မှ ချမှတ်ထားသော ဥပဒေဘောင်နှင့်မညီ လှုပ်ရှား သွားလာခြင်း၊ ဒေသခံ ပြည်သူများ ဒေသလုံခြုံရေးနှင့် လူအခွင့်အရေးများ ချိုးဖောက်မှုခံရခြင်း၊ သက်ဆိုင်ရာ ဌာနများမှ ထိရောက်စွာ အရေးယူပေးမှု မရှိခြင်း၊ ဒေသခံပြည်သူများအပေါ် တိုင်းတပါး လက်နက်ကိုင်များသည် နောက်နောင်တွင် ထိုကဲ့သို့ ပြုမှုဆက်ဆံခြင်းများ ထပ်မံ မဖြစ်ပွားစေရေး ထိရောက်စွာ အရေးယူပေးရန် စသည့် အချက်များလည်း ဖော်ပြ ထားသည်။

နန်းယွန်းမြို့နယ်အတွင်းက ကသည်းနှင့် အာသံ သူပုန်များကို တပ်မတော်က နယ်မြေ ရှင်းလင်းစဉ် သိမ်းဆည်းရခဲ့သော စစ်ပစ္စည်းများ။(ဓာတ်ပုံ – တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

KYN ဥက္ကဋ္ဌ ကိုဆေးဂင်က ''ကျေးရွာတွေမှာ တရားဝင် လက်နက်ကိုင်ပြီး သွားလာနေတော့ ကလေးတွေ ၊ အမျိုးသမီးတွေ  လည်း လယ်တောထဲသွားဖို့၊ ဟင်းရှာသွားဖို့ စိုးရိမ်စရာတွေ ဖြစ်နေတယ်။ ဒီကသည်း လက်နက်ကိုင်တွေကို ကျွန်တော်တို့ ဒေသကနေ မောင်းထုတ်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ဒီမှာတော့ မရှိခိုင်းစေချင်ဘူးပေါ့၊ ရှိခဲ့သည့်တိုင်အောင် ဖြစ် ပေါ်ခဲ့တဲ့ ပြဿနာတွေကို အစိုးရကနေပြီး တာဝန်ရှိတဲ့ သူတွေကနေပြီးတော့ တိတိကျကျ ဖြေရှင်းပေးစေချင်တယ်'' ဟု ဆို သည်။

တမူးဒေသ လုံခြုံရေးနှင့်ပတ်သက်ပြီး ၂၀၁၈ ခုနှစ်တွင် ကူကီးလူငယ်ကွန်ယက်အဖွဲ့မှ သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သလို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်ကလည်း လွှတ်တော်တွင် တင်ပြ ဆွေးနွေးခဲ့ ဖူးသော်လည်း တစ်စုံတစ်ရာ ထူးခြားမှု မရှိခဲ့ကြောင်း၊ လွှတ်တော်တွင် အဆိုတင်သွင်း ဆွေးနွေးခဲ့သော လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်၏ နေအိမ်ကို ဒီဇင်ဘာ ၃ ရက်က လက်ပစ်ဗုံးနှင့် ပစ်ခတ် တိုက်ခိုက်ခဲ့မှုများ ဖြစ်ပေါ် ခဲ့ ကြောင်း ၎င်းက ပြောသည်။

တမူးမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်က “အဲနေ့က ကျွန်တော် လွှတ်တော်ထဲ ရောက်နေတာ အမေရယ်၊ ညီမလေးရယ်၊  ညီလေးပဲ ရှိနေတဲ့အချိန် လွှတ်တော်ကိုယ်စားလှယ်ရဲ့ အိမ်တောင်မှ လက်ပစ်ဗုံး ပစ်သွင်းတယ်ဆိုတော့ စိုးရိမ်ကြတာပေါ့။ ဒေသခံ ပြည်သူတွေရဲ့ စားဝတ်နေရေး လုပ်ကိုင် စားသောက်တဲ့ နေရာမှာလည်း အန္တရာယ်တွေ ရှိနေရင်တော့ မကောင်းဘူးပေါ့။ အားလုံး လုံလုံခြုံခြုံနဲ့ အေးအေးချမ်းချမ်းနဲ့ပဲ ဖြစ်စေချင် တယ်'' ဟု ပြောသည်။

တမူးမြို့က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ် နေအိမ် ဒီဇင်ဘာ ၃ ရက်က လက်ပစ်ဗုံးပစ်သွင်းခံရ /ဓာတ်ပုံ -  ကဘော်ဆုသန်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်၏ နေအိမ်ထဲသို့ ဒီဇင်ဘာ ၃ ရက်က လက်ပစ်ဗုံး ပစ်သွင်းခဲ့သူ မည်သူ မည်ဝါဆိုတာကို ယနေ့ချိန်ထိ မသိရသေးသလို ပြစ်မှု ကျူးလွန်သူကိုလည်း ယနေ့ချိန်ထိ ဖမ်းဆီးရမိသေးခြင်း မရှိ သေးသည့်အတွက် ဒေသခံ ပြည်သူများက ဒေသတွင်း လုံခြုံရေးအပေါ် စိုးရိမ်နေကြကြောင်း သိရသည်။

တမူးခရိုင်အတွင်းမှာ အိန္ဒိယအစိုးရကို တိုက်ခိုက်နေသော ကသည်း လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ထက် မနည်း လှုပ်ရှားလျက်ရှိ သလို အိန္ဒိယအစိုးရကိုပဲ တိုက်ခိုက်နေသည့် အာသံ လက်နက်ကိုင်အဖွဲ့များ အပါအဝင် ကူကီး လက်နက်ကိုင် အဖွဲ့များ လည်း စစ်ရေး လှုပ်ရှားလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ် အေးချမ်းရေးအတွက် သဘောတူညီမှုများ ရရှိ ထားကြသလို အိန္ဒိယကို တိုက်ခိုက်နေသော ကသည်းနှင့် အာသံ သူပုန်များ မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် အတွင်း လှုပ်ရှားသော အာသံနှင့် ကသည်း သူပုန်များကို မြန်မာ့တပ်မတော်က နယ်မြေ ရှင်းလင်းရေး လုပ်ကာ တိုက် ခိုက် ချေးမှုန်းခဲ့ရာ အာသံနှင့် ကသည်း သူပုန် ၂၄ ဦးကို ဖမ်းဆီးရမိခဲ့သလို စစ်စခန်းတချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖေဖော်ဝါရီလတွင် ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly