မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ ရခိုင်တွင် ထောက်ပံ့မှုများလုပ်ပေးခဲ့ဟု ပြည်ထောင်စုဝန်ကြီးပြော

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ ရခိုင်တွင် ထောက်ပံ့မှုများလုပ်ပေးခဲ့ဟု ပြည်ထောင်စုဝန်ကြီးပြော

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈ ။         ။ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ ရခိုင်တွင် များစွာ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

၁၄ ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းညီလာခံကို ရန်ကုန်မြို့ ၊ သူနာပြုတက္ကသိုလ် အစည်း အဝေး ခန်းမတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အထက် ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

 “ကျွန်တော်တို့ ရခိုင်ကိစ္စမှာ ကျန်းမာရေးမှူးအသင်းဟာ အများကြီး ပံ့ပိုးပေးခဲ့တယ်ဆိုတဲ့အတွက် ကျွန်တော်တို့ ဒီနေရာမှာ မှတ်တမ်းလည်း တင်တယ်။ ဂုဏ်လည်း ယူတယ်။ ကျေးဇူးလည်း တင်ပါတယ်။ အရင်တည်းက စပြီး လုပ်လာတာ အခုလည်း လုပ်တယ်။ ဆက်လက်ပြီး ရခိုင်ကိစ္စမှာ ဆရာတို့ ဆက်လုပ်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

အစိုးရ မဟုတ်သော အဖွဲ့အစည်း တစ်ခုဖြစ်သည့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ ရခိုင်ပြည်နယ် မြောက် ပိုင်းရှိ စစ်တွေ၊ မင်းပြား၊ ပေါက်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့် မြို့နယ် ၉ မြို့နယ်တွင်  အပြင်းအထန် အာဟာရချို့တဲ့ နေသော ကလေး ၂၈၅ ဦးနှင့် အနည်းငယ် အာဟာရချို့တဲ့နေသော ကလေး ၅၁၃၆ ဦးကို ကုသပေးနိုင်ခဲ့ကြောင်း မြန်မာ နိုင်ငံ ကျန်းမာရေးမှူး အသင်း ဥက္ကဋ္ဌ ဦးမြသွင်က ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ စစ်တွေ၊ မင်းပြား၊မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်စသည့် မြို့နယ် ၅ မြို့နယ်တွင်လည်း ဆေးယဉ်ပါး တီဘီရောဂါ စောင့်ရှောက်ရေး စီမံချက်များ ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

ဦးမြသွင်က  “ရခိုင်လို နေရာမျိုးဆိုရင် အာဟာရ ဖွံ့ဖြိုးရေး လုပ်ငန်းတွေရော၊ တီဘီရှာဖွေရေး လုပ်ငန်းတွေ ရော၊ ငှက်ဖျားရောဂါ ရှာဖွေရေး လုပ်ငန်းတွေရော အဲတာတွေကိုလည်း အကြီးအကျယ် ကျွန်တော်တို့ မြန်မာ နိုင်ငံ ကျန်းမာရေးမှူးအသင်းကနေ ဆက်လက် ဆောင်ရွက်ပေးနေပါတယ်။ တိုက်ပွဲရှောင်ဒေသတွေမှာ ဖြစ်ပွား နေတဲ့ ပြည်သူလူထုမှာ စိတ်ပိုင်းဆိုင်ရာကို ကျွန်တော်တို့ကနေ လိုအပ်လို့ရှိရင် စိတ်ရောဂါဆေးရုံကို ညွှန်းတာ ပို့တာ လုပ်မယ်။ သူတို့ကို ဆေးဝါးတွေလည်း ထောက်ပံ့အားပေးတာ လုပ်ဖို့ အစီအစဉ် ဆွဲထားတာရှိပါ တယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းသည် မြို့နယ်ပေါင်း ၃ဝ၇ မြို့နယ်တွင် အသင်းဖွဲ့စည်းထားပြီး အသင်းဝင် အင်အား ၆ ထောင်ကျော်ဖြင့် အာဟာရဖွံ့ဖြိုးရေး၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုလုပ်ငန်း၊ တီဘီရောဂါ ရှာဖွေ ရေးလုပ်ငန်းတွေ၊ ငှက်ဖျားရောဂါ ကာကွယ်စောင့်ရှောက်မှုနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး စသည့် လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တခြား မိတ်ဖက် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ ကျပ်သိန်းပေါင်း ၁၀၀၀၀၀(တစ်သိန်း)ကျော် အသုံးပြု၍ ကျန်းမာရေး စောင့်ရှောက်မှု စီမံချက် ၁၃ ခုကို ဝန်ထမ်းအင်အား ၅၈၅ ဦးဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly