ဒေါက်တာဇော်မြင့်မောင် ဝန်ကြီးချုပ်တာဝန် မထမ်းဆောင်နိုင်သေး

ဒေါက်တာဇော်မြင့်မောင် ဝန်ကြီးချုပ်တာဝန် မထမ်းဆောင်နိုင်သေး

ဒီဇင်ဘာ ၂၇၊ ရန်ကုန်။            ။ သွေးကင်ဆာရောဂါ ခံစားနေရသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ရောဂါအတွက် သုံးကြိမ်မြောက် ဆေးသွင်းခဲ့ပြီးသော်လည်း ဝန်ကြီးချုပ်တာဝန်ကို ပြန်လည် မထမ်းဆောင်နိုင်သေးကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

ဆေးသွင်းမှု ငါးကြိမ်ပြုလုပ်ရန် ရည်ရွယ်ထားပြီး ဆေးငါးကြိမ် သွင်းပြီးပါက ကျန်းမာရေး အခြေအနေအပေါ် မူတည်ပြီး ဝန်ကြီးချုပ် တာဝန်ကို ပြန်လည် ထမ်းဆောင်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၆ ရက်နေ့က NLD ရုံးချုပ်တွင် ပြုလုပ်သော ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ကျင်းပပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကို ၎င်းက ပြန်လည်  ဖြေဆို ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာမျိုးညွန့်က “အခု ဆရာဇော်မြင့်မောင်က သူဆေးသွင်းတာ ငါးကြိမ်သွင်းဖို့ ရည်ရွယ်ထားပါတယ်။ အခု သုံးကြိမ် သွင်းပြီးပါပြီ။ အဲဒီ တော့ ငါးကြိမ်သွင်းပြီးလို့ ကျန်းမာရေး အခြေအနေ ကောင်းလာတာနဲ့အမျှ သူ့ရဲ့ ဝန်ကြီးချုပ် တာဝန် ကို ပြန်ပြီး ထမ်းဆောင်မှာပါ။ ဒီမှာ အရေးကြီးတဲ့ အချက်တစ်ခုကတော့ ဆရာရဲ့ရောဂါက ကိုယ်ခံအား ထိခိုက်ပါ တယ်။ အဲဒီတော့ လူ အများနဲ့ ထိတွေ့ဖို့၊ လူတောထဲမှာ သွားဖို့ကိစ္စ၊ အခမ်းအနားမျိုးကို တော့ ရှောင်ရှားရမှာ ဖြစ်ပါတယ်။ ရုံးခန်းထဲမှာ လုပ်ရတဲ့ ကိစ္စမျိုး၊ စဉ်းစားပြီး ဆုံးဖြတ်ရတဲ့ ကိစ္စမျိုးကိုတော့ ဆက်လက် လုပ်ကိုင်မှာ ဖြစ်ပါတယ်” ဟု ပြော သည်။

အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်လည်း တက်ရောက်ခဲ့တာတွေ့ရသည်။ ဒေါက်တာ ဇော်မြင့်မောင်သည် NLD ပါတီ၏ ဒုတိယဥက္ကဋ္ဌ (၂)လည်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျန်းမာရေး သွားရောက်စစ်ဆေးခဲ့ပြီး ရောဂါအတွက် ဆေးကုသမှု ခံယူလျက်ရှိရာ အောက်တိုဘာ ၂၅ ရက် ကတည်းက မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာကို တိုင်းဒေသကြီးအစိုးရ လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည် အောင်အား ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်လွှဲပေးထားခဲ့သည်။

 ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က “ဝန်ကြီးချုပ်ကြီးရဲ့ ကျန်းမာရေး အတွက်ကို စာနဲ့ရော တယ်လီဖုန်းနဲ့ရော နိုင်ငံရေ းဂျာနယ်တွေမှာပါ၊ လူမှုကွန်ယက်တွေ မှာပါ ပူပန်ကြောင်း တွေ့ရပါတယ်။ တစ်ဦးမှာ စေတနာ၊ တစ်ဦးရဲ့ မေတ္တာပါပဲ။ ဆရာက နိုင်ငံသူ/သားများအတွက်ကို သူ စေတနာ၊ မေတ္တာအပြည့်နဲ့ လုပ်တဲ့အတွက် သူ့အပေါ်ကိုလည်း စေတနာ ထားကြပါတယ်။ အဲလိုလူထုက စေတနာ၊ မေတ္တာ ထားတဲ့အတွက် ပြည်သူ/သားများ အားလုံးကိုလည်း ဒေါက်တာ ဇော်မြင့်မောင် ကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြား လိုပါတယ်” ဟု ပြောသည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင်  NLD ပါတီ ကိုယ်စားပြု အနိုင်ရရှိခဲ့သော ကိုယ်စားလှယ် တစ်ဦး ဖြစ်သလို ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိ ခဲ့သည်။ ထို့နောက်၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမရပူရ မဲဆန္ဒနယ်ကနေ အနိုင်ရရှိခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required