ကမ္ဘာကြီး အမှောင်ထု လွှမ်းခြုံနေပြီဟု ပုပ်ရဟန်းမင်းကြီးက ခရစ္စမတ် သတင်းစကားမှာ ထည့်သွင်းမိန့်ကြား

ကမ္ဘာကြီး အမှောင်ထု လွှမ်းခြုံနေပြီဟု ပုပ်ရဟန်းမင်းကြီးက ခရစ္စမတ် သတင်းစကားမှာ ထည့်သွင်းမိန့်ကြား
Photo: EPA

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ၎င်း၏ ခရစ္စမတ်သတင်းစကားတွင် ကမ္ဘာကြီးပေါ်  ကျရောက်နေသော အမှောင်ထုအကြောင်း ထည့်သွင်းမိန့်ကြားခဲ့သည်။

ထိုပြင် လက်တင်အမေရိကနိုင်ငံအချို့၌ လူမှုရေးနှင့် နိုင်ငံရေး ကသောင်းကနင်းဖြစ်မှုများ၊ ဆီးရီးယားနှင့် လက်ဘနွန်က ရင်ဆိုင်နေရသော ပဋိပက္ခများအတွက် မျှော်လင့်ချက်များ ဖော်ဆောင်ကြရန်လည်း တိုက်တွန်းပြောဆိုသည်။

ဗာတီကန်ရှိ စိန့်ပီတာ ဘုရားရှိခိုးကျောင်းဆောင် ဝရံတာမှနေ၍ သက်ဝင်ယုံကြည်သူများအား ပုပ်ရဟန်းမင်းကြီးက စတင်မိန့်ကြားရာ၌ လူသားများ၏ နှလုံးသားတွင် အမှောင်ထုကြီးစိုးနေသော်လည်း ခရစ်၏ အလင်းရောင်က ထွန်းလင်းဆဲ ဖြစ်ကြောင်း ပြောကြားသည်။

“တစ်ဦးချင်းစီ၊ မိသားစုတွေနဲ့ လူမှုဆက်ဆံရေးတွေမှာ အမှောင်ထု ကြီးစိုးနေတယ်။ ဒါပေမယ့် ခရစ်ရဲ့ အလင်းရောင်ဟာ ပိုပြီး ထွန်းလင်းတောက်ပတယ်။”ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားသည်။

“စီးပွားရေး၊ ပထဝီနိုင်ငံရေးနဲ့ သဘာဝပတ်ဝန်းကျင် ပဋိပက္ခတွေမှာလည်း အမှောင် လွှမ်းခြုံနေတယ်။ ဒါပေမယ့် ခရစ်ရဲ့ အလင်းတော်ဟာ ထွန်းလင်းမြဲဖြစ်တယ်။”ဟု ၎င်းက ဆက်လက်မိန့်ကြားသည်။

ယင်းနောက်တွင် အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာ့နိုင်ငံများစွာတွင် စစ်ပွဲများနှင့် ပဋိပက္ခများ၏ ဒဏ်ရာဒဏ်ချက်များကို ကလေးငယ်များ ခံစားကြုံတွေ့နေရကြောင်း ပုပ်ရဟန်းမင်းကြီးက ဆိုသည်။

ကမ္ဘာတစ်ဝန်းတွင် တရားမမျှတမှုများနှင့် များစွာသော ပဋိပက္ခများ ဖြစ်ပွားလျက် ရှိနေသည်ဟု ၎င်းက မိန့်သည်။

အစိုးရများနှင့် နိုင်ငံတကာအသိုင်းအဝန်းတို့က ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အတူတကွ ဖော်ဆောင်ပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေကြရန် ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပြောကြားပြီး ဆုတောင်းမေတ္တာ ပို့သခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly