ချန်ဒူး၊ ဒီဇင်ဘာ ၂၄။ ။ တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည့် မြောက်ကိုရီးယားအရေးအပါအဝင် ဒေသတွင်းလုံခြုံရေးနှင့် ကုန်သွယ်ရေးပြဿနာများဆွေးနွေးရန် တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချန်ဒူးမြို့၌ ဒီဇင်ဘာ ၂၄ ရက်တွင် သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲကို ကျင်းပလျက်ရှိသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမျိုးအမည်မသိ ခရစ်စမတ်လက်ဆောင်ပေးမည်ဟု ခြိမ်းခြောက်မှုအပြီး တရုတ်က အမေရိကန်၏ အာရှစစ်မဟာမိတ်နိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဂျပန်တို့နှင့်အတူ သံတမန်အင်အားပြကာ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံသည်လည်း ဒုတိယကမ္ဘာစစ်အတွင်းက ကိုရီးယားကျွန်းဆွယ်ကို ဂျပန်တို့သိမ်းပိုက်အုပ်ချုပ်ခဲ့သည့်ကိစ္စများ၊ လတ်တလော ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုပြဿနာများနှင့် ပတ်သက်ပြီး ကတောက်ကဆတ် ဖြစ်နေကြချိန်ဖြစ်သည်။ အမေရိကန်သည် ၎င်းနှစ်နိုင်ငံအကြား တိုက်ရိုက်ဖျန်ဖြေပေးမှု မရှိသော်လည်း အာရှသံတမန်ဆက်ဆံရေးကို စိုးရိမ်သည့်အတွက် ပြေအေးကြရန် မကြာခဏဆိုသလို တိုက်တွန်းလေ့ရှိသည်။
အဆိုပါအခြေအနေတွင် တရုတ်နိုင်ငံက ပွဲလန့်တုန်းဖျာခင်းကာ ချန်ဒူးထိပ်သီးဆွေးနွေးပွဲကို ကျင်းပလိုက်ခြင်းဖြစ်သည်။ တရုတ်သည် တောင်ကိုရီးယားနှင့် ဂျပန်တို့ကို ခေါင်းချင်းဆိုင် ဆွေးနွေးစေခြင်းဖြင့် ၎င်းတို့၏ သံတမန်စွမ်းရည်ကို ကမ္ဘာအားပြသလိုက်ခြင်းဖြစ်ကြောင်း အိုဆာကာတက္ကသိုလ်မှ တရုတ်ရေးရာနိုင်ငံရေးကျွမ်းကျင်သူ ပါမောက္ခ ဟာရူကို ဆာတိုက ဆိုသည်။