ကျောက်မဲမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင် တစ်ဦး ပစ်သတ်ခံရ

ကျောက်မဲမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင် တစ်ဦး ပစ်သတ်ခံရ
ဓာတ်ပုံ-Kyaukme News( ကျောက်မဲသတင်းစစ်စစ်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၄။     ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားမွန်ကျေးရွာမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၏ အလုပ်အမှုဆောင် ဦးစိုင်းဌေးအောင်ကို အမည်မသိ သေနတ်သမား နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းကြောင်း ဒီဇင်ဘာ ၂၃ ရက်နေ့က သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်မှာ သေဆုံးသူသည် ၎င်းမိခင်၏ နေအိမ်တွင် လမ်းလုပ်ရန် မဆာလာဖျော်နေချိန်တွင် အမည်မသိ သေနတ်သမား နှစ်ဦးရောက်ရှိလာကာ သေနတ်ဖြင့် အချက်၂၀ ပစ်ခတ်ခဲ့ရာ အခင်းဖြစ်ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ကျောက်မဲမြို့မှ ဇီဝိတ လူမှုကူညီရေးအသင်းမှ အမည်မဖော်လိုသူ တာဝန်ရှိသူက ပြောသည်။

"လူနှစ်ယောက်လောက် လာတယ်။ လာပြီးတော့ သူ့အိမ်ရှေ့မှာ မနက် ၉ နာရီခွဲ ၁၀ နာရီလောက်ပေါ့။ သူ့ နာမည် လာမေးပြီးတော့မှ သူက ဟုတ်တယ်လို့လည်း ပြောလိုက်ရော သေနတ်နဲ့ အချက်၂၀ ပစ်သွားတယ်" ဟု ၎င်းက ဆိုသည်။

ပါတီဝင် တဦး သေနတ်ဖြင့် ပစ်သတ်ခံရခြင်းနှင့်ပတ်သက်ပြီး USDP မှ တာဝန်ရှိသူများ အနေဖြင့် မည်သို့ ဆောင်ရွက်သွားရန် ရှိလဲ မေးမြန်းရန် မဇ္ဈိမက ဆက်သွယ်သော်လည်း ဖုန်းကိုင် ဖြေခြင်းမရှိသည့်အတွက် တစ်စုံတစ်ရာ မသိရပေ။

ယခုလို ပစ်ခတ် သေဖြတ်ခံရမှုများ ဖြစ်ပွားနေခြင်းသည် တရားဥပဒေ စိုးမိုးမှု မရှိခြင်းကြောင့်ဖြစ်သည်ဟု ကျောက်မဲမြို့နယ်မဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ပြောသည်။

“ အမှန်က ဒီနယ်မြေမှာက လက်နက်ကိုင်အဖွဲ့တွေများတယ်၊ တရား ဥပဒေစိုးမိုးမှုကတော့ လုံးဝမရှိဘူး၊ ဒါ ကြောင့်မို့ ဒီလိုမျိုးကိစ္စတွေက ခဏခဏ ဖြစ်တာပေါ့”ဟု ၎င်းက ပြောသည်။

အမည်မသိ သေနတ်သမား နှစ်ဦးသည် တောလမ်းဘက်မှ သေဆုံးသူ၏ နေအိမ်သို့ လမ်းလျှောက်လာကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောက်မဲမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက "ဘယ်သူဆိုတာတော့ မသိသေးဘူး၊ တိုင်းရင်းသား လက်နက် ကိုင်ထဲက ဖြစ်ဖို့များတယ်၊ စုံစမ်းဆဲပေါ့။ သူ့အမျိုးသမီး မြင်တဲ့ ပုံပန်းသဏ္ဍန် ဒီလောက်ပဲရတယ်" ဟု ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်သွားသူ နှစ်ဦးအား ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း ကျောက်မဲ မြို့မ ရဲစခန်းက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းက မိုင်းတင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာလူကြီး ၂ ဦးကိုလည်း နိုဝင်ဘာ ၃ ရက်က ကျောက်မဲမြို့ပေါ်က စားသောက်ဆိုင် တစ်ဆိုင်မှာ အမည်မသိ သေနတ် သမားက ပစ်ခတ် သတ်ဖြတ်သွားခဲ့မှု ဖြစ်ပွားခဲ့သေးသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်းတွင် တပ်မတော် အပါအဝင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ပလောင်(တအန်း)အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါ တီ(SSPP/SSA) စသည့် လက်နက်ကိုင်ထားသည့် အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိပြီး နယ်မြေ တည်ငြိမ်မှု အားနည်းလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required