ရတနာပုံတက္ကသိုလ်ကျောင်းသားကို လုယက်သတ်ဖြတ်ခဲ့သူအား ထောင်ဒဏ် နှစ် ၃၀ ချမှတ်

ရတနာပုံတက္ကသိုလ်ကျောင်းသားကို လုယက်သတ်ဖြတ်ခဲ့သူအား ထောင်ဒဏ် နှစ် ၃၀ ချမှတ်

မန္တလေး(ဒီဇင်ဘာ ၂၃ရက်၊ ၂၀၁၉ခုနှစ်)။ ။ လုယက်သတ်ဖြတ်ခံခဲ့ရသည့် ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုစိုးမိုးဟိန်းအမှုတွင် ကျူးလွန်သူ နေထက်ရှိုင်းအား ထောင်ဒဏ်နှစ် ၃၀ ကျခံစေရန် မန္တလေးခရိုင်တရားရုံးက ယနေ့ အမိန့်ချမှတ်လိုက်သည်။

အသက် ၂၂ နှစ် အရွယ် ရတနာပုံတက္ကသိုလ်၊ ကုန်ထုတ်ဓာတုဘာသာ(စတုတ္ထနှစ်) အထူးပြု ကျောင်းသား ကိုစိုးမိုးဟိန်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၅ရက်နေ့က အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်သမန်အင်း ကန်ပတ်လမ်း တာရိုးပေါ်တွင် အသတ်ခံခဲ့ရသည်။

ကိုစိုးမိုးဟိန်းသည် ရည်းစားနှင့်အတူ ထိုင်နေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦး ရောက်လာပြီး ပိုက်ဆံအိတ်ကိုလုကာ ကိုစိုးမိုးဟိန်းကို ဓားဖြင့် ထိုးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဓားဖြင့်ထိုးခံရပြီး ကိုစိုးမိုးဟိန်းမှာ တောင်သမန်အင်းအတွင်းသို့ ပြုတ်ကျခဲ့ပြီး အင်းအတွင်း၌ ဓားဖြင့် ထပ်မံ အထိုးခံရပြီးနောက် အနီးပတ်ဝန်းကျင်မှ လူများရောက်လာသဖြင့် ကျူးလွန်သူများ ထွက်ပြေးသွားခဲ့သည်။ ထို့နောက် ကိုစိုးမိုးဟိန်းကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ညဆယ်နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။

ထိုအမှုတွင် ရဲတပ်ဖွဲ့က တရားခံ သုံးဦးကို ဖော်ထုတ်နိုင်ခဲ့သော်လည်း ကျန်နှစ်ဦးဖြစ်သည့် ဇွဲကိုနှင့် ချစ်တုံတို့မှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ဖမ်းဆီးရမိသည့် နေထက်ရှိုင်းအား ယနေ့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။ “အခု ပြစ်ဒဏ်ချမှတ်ခဲ့တာအတွက် ဘာမှ ပြောစရာ မရှိပါဘူး။

ကျန်သေးတဲ့သူတွေကိုလည်း ဖမ်းပေးဖို့အတွက် ကျောင်းသားတွေရော၊ မီဒီယာတွေနဲ့ သက်ဆိုင်ရာကလည်း ကူညီပေးပါလို့ အကူအညီ တောင်းချင်ပါတယ်” ဟု ကိုစိုးမိုးဟိန်း၏ မိခင်ဖြစ်သူ ဒေါ်စိုးစိုးဝင်းက ပြောကြားသည်။

ကျန်ရှိသည့် တရားခံများကို လွတ်မြောက်နေမှုကို ရှာဖွေဖမ်းဆီးပေးရန်နှင့် ရတနာပုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးအတွက် ဆောင်ရွက်ပေးရန် တက္ကသိုလ်ကျောင်းသား ငါးဆယ်ဦးခန့်က တရားရုံးအမိန့် ချမှတ်ပြီးနောက် တိုင်းအစိုးရအဖွဲ့ရုံးသို့ သွားရောက် တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly