သမိုင်းဝင် ပစ္စည်းပေါင်း ၁,၆၀၀ ခင်းကျင်းပြသထားသည့် ဂျာမနီဘောလုံးပြတိုက် ဖွင့်လှစ်

သမိုင်းဝင် ပစ္စည်းပေါင်း ၁,၆၀၀ ခင်းကျင်းပြသထားသည့် ဂျာမနီဘောလုံးပြတိုက် ဖွင့်လှစ်

ဒေါ့တ်မွန်၊ အောက်တိုဘာ ၂၄ ။             ။ ဂျာမနီနိုင်ငံ၊ ဒေါ့တ်မွန်မြို့တွင် တည်ဆောက်ထားသည့် ဂျာမနီဘောလုံးပြတိုက်ကို ယခုတစ်ပတ်၏နောက်ဆုံးနေ့တွင် အများပြည်သူကြည့်ရှုနိုင်ရန် တရားဝင်ဖွင့်လှစ်တော့မည် ဖြစ်သည်။

ဂျာမနီဘောလုံးပြတိုက်၏ မြေဧက အကျယ်အဝန်းမှာ ၇,၇၀၀ မီတာ ပတ်လည်ကျယ်ဝန်းပြီး တည်ဆောက်မှုကုန်ကျစရိတ်မှာ ယူရို ၃၆ သန်း ကုန်ကျခဲ့သည်။

ပြတိုက်တွင် ဂျာမနီဘောလုံးသမိုင်းတစ်လျှောက် အရေးပါပြီး သမိုင်းဝင်ခဲ့သည့် ပစ္စည်းအမျိုးအစားပေါင်း ၁,၆၀၀ ကို ခင်းကျင်းပြသထားသည်။ ထိုပစ္စည်းများထဲတွင် အကြီးဆုံးပစ္စည်းမှာ ၂၀၁၄ ကမ္ဘာ့ဖလားအောင်ပွဲရ ဂျာမနီအသင်းသားများစီးနင်းခဲ့သည့် မာစီဒီးဘက်စ်ကားကြီး ဖြစ်သည်။

ဂျာမနီဘောလုံးသမိုင်းတွင် ထင်ရှားကျော်ကြားခဲ့ကြသော နာမည်ကျော်ဘောလုံးသမားများ၏ ၎င်းတို့ဝတ်ဆင်ခဲ့ကြသော ဂျာစီများနှင့် ဖိနပ်များမှာ ပြတိုက်၏ စိတ်ဝင်စားစရာအကောင်းဆုံး ပစ္စည်းများ ဖြစ်သည်။ ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အာဂျင်တီးနားအသင်းဘက်သို့ အနိုင်ဂိုးသွင်းယူပေးခဲ့သည့် မာရီယိုဂေါ့ဇီ၏ ဖိနပ်မှာ ပြတိုက်၏ အလယ်ဗဟိုတည့်တည့်တွင် နေရာယူထားသည်။

ဂေါ့ဇီ၏ဖိနပ်မှာ ကလေးများရန်ပုံငွေအတွက် ယူရို ၂ သန်းဖြင့် လေလံတင်ရောင်းချခဲ့ပြီး ဖြစ်သော်လည်း ပိုင်ရှင်က ပြတိုက်သို့ ပြန်လည်လှူဒါန်းထားခြင်း ဖြစ်သည်။

ဂျာမနီဘောလုံးပြတိုက်ကို အောက်တိုဘာလ ၂၅ ရက် တနင်္ဂနွေနေ့တွင် အများပြည်သူများကြည့်ရှုရန် စတင်ဖွင့်လှစ်တော့မည် ဖြစ်ပြီး လူတစ်ဦးအတွက် ဝင်ကြေးမှာ ၁၇ ယူရို ဖြစ်သည်။

ပြတိုက်တစ်ခုအနေဖြင့် ဝင်ကြေးပမာဏမှာ များပြားနေသော်လည်း ပြတိုက်၏ဒါရိုက်တာ မန်နျူရယ်နူကာချ်နာက 'ကျွန်တော်တို့ ပြတိုက်က ပြည်နယ်တစ်ခုရဲ့ ပြတိုက်မဟုတ်ပါဘူး။ ဒါကြောင့် ထောက်ပံ့ကြေးလည်း မရရှိပါဘူး။ ကုန်ကျစရိတ်တွေကို ပြန်ကာမိဖို့အတွက် တစ်နှစ်မှာ ဧည့်သည်ဦးရေ ၂၇၀,၀၀၀ လောက် လာရောက်ကြည့်ရှုဖို့ လိုအပ်ပါတယ်။ ပြတိုက်ဝင်ကြေးက သာမန်ဘွန်ဒက်စ်လီဂါဘောလုံးပွဲတစ်ပွဲရဲ့ ဝင်ကြေးထက်ပိုနည်းပါတယ်' ဟု ကာကွယ်ပြောဆိုခဲ့သည်။

Ref ;  စပေါ့အန်ဒီတီဗွီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly