ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ထိန်းသိမ်းရေးကော်မတီဝင်များကို ပြန်လည်ရွေးချယ်ပေးရန် တောင်းဆို

ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ထိန်းသိမ်းရေးကော်မတီဝင်များကို ပြန်လည်ရွေးချယ်ပေးရန် တောင်းဆို
(ဓာတ်ပုံ - အောင်ကိုဦး / မဇ္ဈိမ )

မန္တလေး၊ ဒီဇင်ဘာ ၂၂။              ။ ယူနက်စကိုမှတ်တမ်းဝင် ကမ္ဘာ့အမွေအနှစ်ဇုန် တစ်ခုဖြစ်သည့် ပုဂံယဉ်ကျေးမှုဇုန်ကို စီမံခန့်ခွဲရမည့် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မ တီတွင် ပါဝင်နေသည့် ဒေသခံ အရပ်သားအဖွဲ့ဝင်များကို ပွင့်လင်းမြင်သာ မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်ပေးရန် ဒေသခံများက လိုလားနေကြကြောင်း  သိရသည်။

အဆိုပါကော်မတီကို ဒီဇင်ဘာ ၁၀ ရက်နေ့ကဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး  ၎င်းကော်မတီတွင် ပါဝင်နေသည့် ဒေသခံများမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက အများဆန္ဒမခံယူဘဲ နီးစပ်ရာလူများကို အမည်တင်သွင်း ဖွဲ့စည်းထားခြင်းကြောင့် ပြန်လည်ရွေးချယ်ပေးရန် တောင်းဆိုရခြင်းဖြစ်သည်ဟု ဒေသများက ပြောသည်။

"ဒီကော်မတီကို ဖွဲ့စည်းပြီးမှ ကျွန်တော်တို့က သိတယ်။ သိချင်းပဲ ကျွန်တော်တို့ အတိုင်ပင်ခံရုံး၊ သမ္မတရုံး၊ အဂတိတိုက်ဖျက်ရေးကော်မရှင် အပါအဝင် ဌာနရှစ်ခုကို ကန့်ကွက်စာပို့ခဲ့တယ်။ အဲ့ဒီလိုကန့်ကွက်နေတဲ့ကြားက ပြည် ထောင်စုဝန်ကြီးက အတည်ပြုလိုက်တယ်။ ဒါက လႊတ်တော်ကိုယ်စားလှယ်တွေက လုပ်ချင်ရာလုပ်တယ်။ ဝန်ကြီးက အတည်ပြုလိုက်တယ်။ ဒေသခံတွေရဲ့ အသံကို ဂရုမစိုက်ဘူး။ ဒေသခံတွေရဲ့ ဆန္ဒနဲ့ပဲ ရွေးကောက် ရမှာ ဖြစ်တယ်။ပွင့်လင်းြမင်သာ ပြန်ရွေးပေးစေချင်တယ် " ဟု ပုဂံဒေသဖွံ့ဖြိုးရေးအသင်းအတွင်းရေးမှူး ဦးလှတိုးက ပြောသည်။

ပြန်လည်ရွေးချယ်ပေးရန်အတွက် ဒေသခံများက လက်မှတ်ရေးထိုးပြီး  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုထားသည်ဟုလည်း သိရသည်။ ပုဂံဒေသဖွံ့ဖြိုးမှုများပြုလုပ်ရန်အတွက် ဒေသမှကြည်ညိုလေး စားရသူ၊ ရှေးဟောင်းအမွေအနှစ်ကို ထိန်းသိမ်းရန် နားလည်တတ်ကျွမ်းသူနှင့် ခရီးသွားကဏ္ဍများကို သိရှိနားလည်သည့် ဒေသခံများကို ပွင့်လင်းမြင်သာစွား မဲစနစ်ဖြင့် ပြန်လည် ရွေးစေလိုခြင်းဖြစ်သည်။

"ကော်မတီ အမည်စာရင်းသွင်းထားတဲ့အထဲမွာ ပုဂံဒေသခံက တစ်ယောက်ပဲပါတယ်။ ကျန်တာက ညောင်ဦးမြို့နယ်ကလူတွေပဲပါတယ်။ ဒီလူတွေကို လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်က ဘယ်သူလုပ်၊ ဘယ်သူလုပ်ဆိုပြီး ထည့်ထားတာ။ ကန့်ကွက်စာတင်လိုက်တဲ့အချိန်မှာ ဝန်ကြီးချုပ်က ကိုယ်စားလှယ်တွေကို ဒေသကိုယ်စားပြုရဲ့လားလို့ မေးတော့ ဟုတ်ပါတယ်လို့ပဲ သူတိုပြောခဲ့တာ။ တကယ်က မဟုတ်ဘူး။ ဘယ်ဒေသကိုမှ ကိုယ်စားမ ပြုဘူး။ တကယ်က ရှေ့ဟောင်းယဉ်ကျေးမှု၊ ခရီးသွား၊ စီမံခန်႔ခြဲရေး၊ လုံခြုံရေး၊ ဒီလိုကိစ္စတွေမှာ ကျွမ်းကျင်တဲ့လူတွေကို ဒေသခံတွေက ရွေးချယ်ပေးရမှာ၊ ပုဂံမှာ အဲ့ဒီလိုကိစ္စတွေမှာ ကျွမ်းကျင်သူတွေအများကြီးရှိတယ်။ ဘယ်သူမှ မပါဘူး"ဟု မြို့မိမြို့ဖ တစ်ဦးလည်းဖြစ်သည့် ဦးလှတိုးက ပြောသည်။

ဖွဲ့စည်းလိုက်သည့်ကော်မတီတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥက္ကဌအဖြစ်တာဝန်ယူပြီး၊ ဌာနဆိုင်ရာ အရာရှိ ၁၁ ဦး၊ ဒေသခံကျွမ်းကျင်ပညာရှင် သုံးဦးနှင့် ဒေသခံ ငါး ဦးထည့်သွင်းဖွဲ့စည်းထားရာ၊ ဒေသခံငါးဦးကို တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ်များက ဒေသခံတို့၏ ဆန္ဒမဲဖြင့် မရွေးချယ်ဘဲ အမည်စာရင်းတင်ပြရန် အချိန်တိုတောင်းသည်ကို အကြောင်းပြပြီး ၎င်းတို့နှင့် နီးစပ်ရာ ပုဂ္ဂိုလ်များကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပုဂံဒေ သခံ တစ်ချို့ စွတ်စွဲပြောဆိုသည်။

"လွှတ်တော်ကိုယ်စားလှယ်တွေက ဒီမိုကရေစီနည်းမက်ဘဲ ရွေးချယ်တယ်။ လက်သင့်ရာထည့်တယ်။ အဲ့ဒါကြောင့် ကန့်ကွက်စာတင်တယ်။ ဒေသခံတွေကန့်ကွက်နေတာကို ဥပေက္ခာပြုပြီး အမတ်ပြောတာကိုပဲ လူရာသွင်း တယ်။ အမတ်ပြောတာနဲ့ပဲ အတည်ပြုတယ်။ ဒေသခံပြည်သူတွေကို အရူးလို့ထင်တာလား"ဟု မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ၁၊ ပုဂံဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌဦးခင်မောင်းက ပြောသည်။

ထိုသို့ စွတ်စွဲ ပြောဆိုမှုနှင့်ပတ်သက်၍ ညောင်ဦးမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်ကို သွားရောက်မေးမြန်ရာ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မဖြေဆိုချင်ကြောင်းသာ ပြန်လည်ပြောဆိုသည်။
    

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly