တောင်ဥက္ကလာမြို့နယ်တွင် အမျိုးသားတစ်ဦး ဆေးလွန်၍ သေဆုံး

တောင်ဥက္ကလာမြို့နယ်တွင် အမျိုးသားတစ်ဦး ဆေးလွန်၍ သေဆုံး

ရန်ကုန် ၊ ဒီဇင်ဘာ၂၂။            ။ တောင်ဥက္ကလာမြို့နယ် ၉ ရပ်ကွက်  ကျော်သူ ၁၈ အောက်လမ်းရှိ မူးယစ်ဆေးဝါး အလွန်အကျွဲသုံးစွဲ၍ သေဆုံးနေသည့် အမျိုးသားတစ်ဦးကို ဒီဇင်ဘာလ(၂၁)ရက်နေ့  ည(၁၀)နာရီခန့်က တောင်ဥက္ကလာမြို့နယ် ရဲတပ်ဖွဲ့မှ စစ်ဆေးတွေရှိခဲ့သည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ခိုင်ဝင်းက အတည်ပြုသည်။

အိမ်သာတွင် မှောက်လျက်အနေအထားဖြင့် သေဆုံးနေပြီး သေဆုံးသူအနီးတွင် သုံးစွဲပြီးသား တခါသုံးဆေးထိုးအပ်တွေ့ရသဖြင့် စစ်ဆေးကြည့်ရာ ထိုအမျိုးသား၏ ဝဲဘက်လက်ဖျံတွင် အပ်ပေါက်ရာတစ်ခုကို စစ်ဆေးတွေ့ရှိ ရကြောင်း သိရသည်။

“အမှုကိုတော့ လက်ခံစစ်ဆေးထားပါတယ်၊ အသေအချာကတော့ ရင်ခွဲစစ်ဆေးပြီးမှ သိရမှာပဲ၊ လုပ်စရာရှိတာတွေတော့ အကုန်လုပ်ထားပါတယ်”ဟု တောင်ဥက္ကလာမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသားသည် မြစ်ကြီးနားမြို့နယ်မှ လာရောက်ပြီး ရန်ကုန်တွင် ကားစက်ပြင်သင်တန်းတက်ရန် အိမ်ငှားနေထိုင်သူ ဖြစ်သည်ဟု ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ဆိုသည်။

“ဒီဇင်ဘာလ ၄ ရက်နေ့ကမှ  ပြောင်းလာတာလို့ ပြောပါတယ် တစ်လအထက် နေထိုင်မယ်ဆို ကျွန်တော်တို့ဆီ သတင်းပို့ရတယ်လေ ခုက ကျွန်တော်တို့ဆီလည်း ဘာမှ အကြောင်းမကြားထားဘူး။ သတင်းလဲ ပို့မထားဘူး။ နေတာက သုံးယောက် တစ်ယောက်က ရွာပြန်သွားတယ် တစ်ယောက်က အဲ့လိုဖြစ်တယ်”ဟု  ဦးမြင့်ဦးက ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ရှင်သန်ခွင့် လူမှုကူညီရေးအသင်းက သင်္ကန်းကျွန်းမြို့နယ်၊ စံပြဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်း၏ မိသားစုကိုလည်း ရန်ကုန်သို့ လာရောက်ရန် ရဲစခန်းမှ ဆက်သွယ်ထားကြောင်း သိရသည်။

 
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly