ဟွန်ဒူရပ်စ် အကျဉ်းထောင် ဆူပူမှု ထောင်သား ၂၂ ဦး သေဆုံး

ဟွန်ဒူရပ်စ် အကျဉ်းထောင် ဆူပူမှု ထောင်သား ၂၂ ဦး သေဆုံး

ဒီဇင်ဘာ ၂၂။               ။ ဟွန်ဒူရပ်စ်နိုင်ငံက အကျဉ်းထောင်တစ်ခုတွင် ဒီဇင်ဘာ ၂၁ ရက်ညပိုင်းက အဓိကရုဏ်း ရန်ပွဲဖြစ်ပွားခဲ့၍ အကျဉ်းသား ၂၂ ဦး သေဆုံးပြီး အခြား ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံမြောက်ဘက် ဆိပ်ကမ်းမြို့ တီလာရှိ ထောင်တစ်ခုတွင် အဆိုပါ ထောင်တွင်း ပဋိပက္ခရန်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး ထောင်သားအချင်းချင်း တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း ထောင်အာဏာပိုင်များက ပြောသည်။

မြို့တော် တယ်ဂူစီဂယ်ပါ ကနေ မိုင် ၁၂၀ အကွာတွင် တည်ရှိသည့် တီလာမြို့တွင် အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထောင်တွင်း ဆူပူမှုသည် ဂိုဏ်းဂဏ အချင်းချင်း တိုက်ခိုက်ကြခြင်းဖြစ်ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြနေကြသည်။

အဆိုပါ အကျဉ်းထောင်တွင်း အဓိကရုဏ်း ဖြစ်ပွားခဲ့ချိန် ပါဝင်ခဲ့ကြသည့် ထောင်သားများသည် သေနတ်များပါ ကိုင်ဆောင်ထားခဲ့ကြသည့်အတွက် ထောင်အာဏာပိုင်များဘက်က ဂရုတစိုက် ထိန်းသိမ်းခဲ့ရကြောင်း ထောင် ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဒစ်ဂ်နာ အေဂွီလ်လာက ပြောသည်။

ယင်းနောက် အကျဉ်းသားများထံမှ သေနတ်ငါးလက်၊ ကျည်ဆံများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယခုအခါ အဆိုပါ ထောင်ဆူပူမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly