တရားဝင်စာချုပ်ဖြင့် ဝယ်ယူထားသော်လည်း အိမ်ဥပစာ(နှင်ထုတ်ခြင်း) ဥပဒေဖြင့် နှင်ထုတ်မည်ဟု အကြောင်း ကြားစာပေးပို့ခြင်းခံထားရသဖြင့် နေထိုင်သူများ စိုးရိမ်ပူပန်နေ

တရားဝင်စာချုပ်ဖြင့် ဝယ်ယူထားသော်လည်း အိမ်ဥပစာ(နှင်ထုတ်ခြင်း) ဥပဒေဖြင့် နှင်ထုတ်မည်ဟု အကြောင်း ကြားစာပေးပို့ခြင်းခံထားရသဖြင့် နေထိုင်သူများ စိုးရိမ်ပူပန်နေ

ဒီဇင်ဘာ ၂၁ ။          ။  မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ၁၄လမ်း၊ ၆၄လမ်းနှင့် ၆၆လမ်းကြားတွင် ဆိုင်တိုက်ခန်း ၄၅ခန်းသည် တွင် နေထိုင်သူများသည် တရားမဝင်နေထိုင်သည်ဟုဆိုကာ အိမ်ဥပစာဥပဒေဖြင့် နှင်ထုတ်မည်ဟု အကြောင်းကြားစာ ပေးပို့ခြင်းခံခဲ့ရသည့်အတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါ တိုက်ခန်း(၄၅)ခန်းသည် လက်ရှိနေထိုင်သူများက ၁၉၉၉ခုနှစ်တွင် စံနန်းတော် ဆောက်လုပ်ရေးအဖွဲ့ထံမှ တရားဝင်စာချုပ်ချုပ်ဆိုကာ ဝယ်ယူ ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

စာချုပ်ချုပ်ဆိုစဉ်တွင် ငါးနှစ်နေထိုင်ပြီးလျှင် လူမှုဖူလုံရေးဌာနထံသို့ ပြန်လည်လွှဲပြောင်းဖယ်ရှားပေးရမည်ဟု မပါရှိဘဲ သားစဉ်မြေဆက်အမွေဆက်ခံနိုင်ကြောင်း ပါဝင်သည်ဟုလည်း သိရသည်။

“ကန်ထရိုက်က အသိမပေးသလို၊ လူမှုဖူလုံရေးဌာနကလည်း အသိမပေးဘူး၊ ဒီစာချုပ်ရှိနေတယ်ဆိုတာကို လေးလေးတို့သိမယ်ဆိုရင် တိုက်ခန်းတွေက ငါးနှစ်ထဲနေရမှာဆို ဝယ်မှာမဟုတ်ဘူး၊ အဲဒီအချိန်ကတည်းက ဒီတိုက်ခန်းတွေကို ဂျင်းထည့်အရောင်းခံလိုက်ရတာ” ဟု စံနန်းတော်တိုက်ခန်းနေထိုင်သူ ဦးတင်အောင်ခိုင် ကပြောသည်။

အထက်ပါဖြစ်စဉ်များနှင့်ပက်သက်ပြီး လူမှုဖူလုံရေးအဖွဲ့နှင့် ဆိုင်တိုက်ခန်းများတွင် နေထိုင်သူများ ညှိနှိုင်းမှုပြု လုပ်ခဲ့ပြီးနောက် ၂၀၀၄-၂၀၁၂ခုနှစ်အထိ အိမ်ငှားခအနေဖြင့် တစ်လလျှင် သုံးထောင်နှုန်းပေးဆောင်ကာနေ ထိုင်ခဲ့ကြကြောင်း၊ ၂၀၁၂ခုနှစ်မှ စတင်ကာ အိမ်ငှားခကို ကောက်ခံခြင်းမပြုတော့ဘဲ ယခုနေထိုင်နေသည့် သူ များအား ဖယ်ရှားပေးရန် သတိပေးစာအကြိမ်ကြိမ်ပို့ခဲ့ကြောင်း၊ နောက်ဆုံးအကြိမ်တွင် အင်အားသုံးဖြေရှင်းမည် ဆိုသည့် သတင်းပါထွက်ပေါ်လာခဲ့ခြင်းကြောင့် ယခုကဲ့သို့ တိုက်ခန်းနေထိုင်သူများက မီဒီယာများနှင့်တွေ့ဆုံ ကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တိုက်ခန်းများတွင်နေထိုင်သူများက ပြောသည်။

“ဒီနေရာကနေပြီးတော့ ဖယ်ရှားခိုင်းတယ်၊ အဲဒီဟာက ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကို ထိခိုက်ပါတယ်၊ ၂၀၀၄ခုနှစ်ကတည်းကနေစတင်ပြီး ၁၅နှစ်လောက်ရှိပြီး ကျွန်တော်တို့ကို ကျူးကျော်နေထိုင် တဲ့သူတွေပါ၊ အခုဆိုရင် ၁၅ရက်အတွင်းဖယ်ရှားပေးရမယ့် မဖယ်ရှားရင် အင်အားသုံးပြီးတော့ ဖယ်ရှားခြင်းခံရမယ်။ နောက်ပြီးတော့ ၁၉၅၅ အိမ်ဥပစာ(နှင်ထုတ်ခြင်း)ဥပဒေနဲ့လည်းခြိမ်းခြောက်နေပါတယ်” ဟု အငြိမ်းစား မီးရထားဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးကျော်မြင့်ကပြောသည်။

 

လက်ရှိအခြေအနေများအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ထံသို့ အသနားခံစာပေးပို့ကာ တင်ပြထားကြောင်း၊ အိမ်ခန်းတည်ဆောက်ရောင်းချခဲ့သော စံနန်း တော် ဆောက်လုပ်ရေးအဖွဲ့ကိုလည်း တရားစွဲဆိုခြင်းမရှိကြောင်း၊ သို့သော်ယခုဖြစ်စဉ်အတွက်လည်း သက်ဆိုင်ရာ အနေဖြင့် တိုက်ခန်းများကို နေထိုင်သူများ စိတ်အေးချမ်းစွာနေထိုင်နိုင်ရန်အတွက် တိကျပြတ်သားသော အဖြေတစ်ခုကို ဖြေကြားပေးစေလိုကြောင်း တိုက်ခန်းနေထိုင်သူများကပြောသည်။

အဆိုပါတိုက်ခန်းများတွင် တပ်မတော်ဝန်ထမ်းများ၊ မီးရထားဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အခြေခံ ပညာဝန်ထမ်းများမှာ ၁၉၉၉ခုနှစ်မှစတင်နေထိုင်ခဲ့ကြပြီး ယခုအခါနှစ်ပေါင်း(၂၀)ခန့်ရှိေနပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly