အရိုးအထူးကုဆေးရုံ ဆေးရုံအုပ်ကြီးနှင့် ဌာနခွဲစာရေးတို့အား အဂတိတိုက်ဖျက်ရေးက အမှုဖွင့်

အရိုးအထူးကုဆေးရုံ ဆေးရုံအုပ်ကြီးနှင့် ဌာနခွဲစာရေးတို့အား အဂတိတိုက်ဖျက်ရေးက အမှုဖွင့်

မန္တလေး၊ ဒီဇင်ဘာ ၂၁ ။            ။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် အရိုးအထူးကုဆေးရုံအုပ်ကြီးနှင့် ဌာနခွဲစာရေး(ယခု ဦးစီးအရာရှိ၊ အုပ် ချုပ်/စီမံ မန္တလေးတိုင်းဒေသကြီးကုသရေးဦးစီးဌာန)တို့သည် လုပ်ပိုင် ခွင့်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုဖြစ်ပေါ်နေကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် အဂတိတိုက် ဖျက် ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ နယ်မြေရဲစခန်းကသိရသည်။

အရိုးအထူးကုဆေးရုံဝင်းအတွင်း ယာဉ်ရပ်နားခ ကောက်ခံရေး လုပ်ငန်း တင်ဒါခေါ်ယူခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၇-၂၀၁၈ ခုနှစ် မှ ၂၀၁၈-၂၀၁၉ ခုနှစ် ထိ တင်ဒါရရှိရေးအတွက် လုပ်ငန်းရှင် နှစ်ဦးထံမှ ငွေကျပ် သိန်း ၆၀ နှင့် ၂၀၁၉-၂၀၂၀ ခုနှစ် မှ ၂၀၂၀-၂၀၂၁ ခုနှစ်ထိ တင်ဒါရရှိရေးအတွက် လုပ်ငန်းရှင် နှစ်ဦးထံမှ ငွေကျပ် သိန်း ၈၀ စုစုပေါင်းငွေကျပ်သိန်း ၁၄၀ ကို တံစိုး လက်ဆောင်အဖြစ် လက်ခံရယူခဲ့ကြောင်း ကော်မရှင်က စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။

ဌာနခွဲစာရေး ဦးအောင်ကျော်ဦး(ယခု ဦးစီးအရာရှိ (အုပ်ချုပ်/စီမံ) သည် လည်း တင်ဒါရရှိရေး ကူညီဆောင်ရွက်ပေးမည်ဟုဆိုကာ ငွေကျပ် နှစ်သိန်းနှင့် တင်ဒါကော်မတီဝင်များအား ကန်တော့ရန်ဟုဆိုကာ ငွေကျပ် သုံးသိန်းကိုတောင်းခံခဲ့သည်။ ၎င်းအပြင် တင်ဒါအောင်မြင်သူထံမှ ငွေကျပ် ခုနှစ်သိန်းခန့်တန်ဖိုးရှိ Camera နှင့် Laptop တို့ကိုလည်း တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ဆေးပေါ်ပေါက်ချက်များအရ ဆေးရုံအုပ်ကြီးအား၂၀၁၃ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေဥပဒေပုဒ်မ ၅၆ နှင့် ဌာနခွဲစာရေး ဦးအောင်ကျော်ဦး အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇တို့ဖြင့် ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၂၀ရက်နေ့က အမှုဖွင့်လှစ်ထားကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly