ကုန်သွယ်မှုပစ်မှတ်ထဲက မိန်းကလေးနှင့်အမျိုးသမီးများ

By စိုင်းဝမ်စိုင်း
21 December 2019
ကုန်သွယ်မှုပစ်မှတ်ထဲက မိန်းကလေးနှင့်အမျိုးသမီးများ

ဤဆောင်းပါးသည် လူကုန်ကူးခံရသည့် မိန်းကလေးများနှင့်အမျိုးသမီးများ၏ ဘဝအကြောင်းကို ရေးသားထားခြင်းဖြစ်ပြီး  ၎င်းတို့တွေ့ကြုံခဲ့ရသည့် ဒုက္ခများနှင့် အသည်းနာစရာကောင်းသည့်ဖြစ်ရပ်များကို သိမြင်နိုင်ပါသည်။

သတင်းများကို သတိထားကြည့်မည်ဆိုပါက ဥပမာများကိုတွေ့ရပါလိမ့်မည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းတိုက်နယ်၊ ကင်းရွာမှ အသက် (၁၄) အရွယ်ရှိ မမြတ်သူ (အမည်လွှဲ) သည် အဒေါ်အရင်း၏ လှည့်စားမှုကိုခံရပြီး လူကုန်ကူးခံခဲ့ရသည်။ မန္တလေးက လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အလုပ်ရမည်ဟုဆိုကာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့သို့ အပို့ခံခဲ့ရသည်ဟု RFA ၏ နိုဝင်ဘာ ၂၉ ရက် သတင်းအရသိရသည်။

အဒေါ်ဖြစ်သူ၏အစီအစဉ်ဖြင့် လူကုန်ကူးခံရသည့် မိန်းကလေး၏ ငိုနေသောရုပ်သံဖိုင်သည် တရုတ်ပြည်ရောက် မြန်မာနိုင်ငံသားများဆုံဆည်းရာ အရေးကြီးသတင်းနှင့်အလုပ်အကိုင် ဟူသည့် ဆိုရှယ်မီဒီယာစာမျက်နှာတွင် ပေါ်လာခဲ့သည်။ အဆိုပါရုပ်သံဖိုင်သည် နိုဝင်ဘာ ၂၆ နှင့် ၂၇ ရက်များတွင် ဆိုရှယ်မီဒီယာ၌ပျံ့နှံ့ခဲ့ပြီး မိန်းကလေး၏မိဘများမှ သက်ဆိုင်ရာရဲစခန်းကိုတိုင်တန်းခဲ့သော်လည်း ယနေ့အချိန်ထိ အဆိုပါ မိန်းကလေးအား ဆက်သွယ်၍ မရသေးပေ။

မိခင်ဖြစ်သူ၏ပြောပြချက်အရ မိန်းကလေးမှာ လက်ဖက်ရည်ဆိုင်တွင်အလုပ်လုပ်နေပြီး လကုန်လျှင် လစာရမည်ဖြစ်ကြောင်း၊ ပျော်ရွှင်အဆင်ပြေနေကြောင်း ၎င်း၏သမီးထံမှ ကြားသိရသည်ဟု ဆိုသည်။ သို့သော် သုံးလေးရက်အကြာတွင် ငိုယိုပြီးအကူအညီမဲ့နေသော သမီး၏ရုပ်သံဖိုင်ကို မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။

မိန်းကလေးအားရောင်းစားခဲ့သည့် အဒေါ်ဖြစ်သူ ဒေါ်မူစန်းသည် မန္တလေးတိုင်းဒေသကြီး အမရပူရမှဖြစ်ပြီး  ယခု ပျောက်ခြင်းမလှပျောက်နေကာ ဖုန်းအဆက်အသွယ်လည်းမရတော့ပေ။ မိန်းကလေး၏မိခင် ဒေါ်ချိုသည် သမီးသတင်းကိုကြားသည်နှင့် အမရပူရရဲစခန်းတွင် လူပျောက်တိုင်ကာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ကို အကြောင်းကြားခဲ့သည်။ မန္တလေးမြို့ အောင်ပင်လယ်ရဲစခန်းတွင်လည်း အမှုဖွင့်ခဲ့သည်။
မိန်းကလေးမှာ တရုတ်နိုင်ငံထဲရောက်နေပြီဖြစ်သည့်အတွက် နေရာအတိအကျမသိလျှင် ရှာပြီးပြန်ခေါ်ရန် ခက်ခဲနိုင်သည်ဟု  ကင်းရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ဆိုသည်။

နောက်တစ်ခုမှာ အသက် ၁၈ နှစ်နှင့် ၂၀ ကြားရှိ မိန်းကလေး ၇ ယောက်ကို ရွှေလီမြို့က တည်းခိုခန်းတစ်ခုကနေ တရုတ်-မြန်မာလူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးအဖွဲ့က ကယ်တင်နိုင်ခဲ့သည်ဟု ဘီဘီစီ၏ နိုဝင်ဘာ ၃၀ ရက် သတင်းအရသိရသည်။ လူကုန်ကူးသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။ နိုဝင်ဘာ ၂၆ ရက်က ပြည်ပရောက်မြန်မာများကို ကူညီပေးနေသည့် လူမှုရေးအသင်းအဖွဲ့တစ်ဖွဲ့၏ သတင်းပေးချက်အရ အဆိုပါမိန်းကလေးများအား ရောင်းစားမခံရမီ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ငါးယောက်မှာ ရခိုင်ပြည်နယ်မှ ဖြစ်ပြီး  နှစ်ယောက်မှာ ရန်ကုန်၊ လှိုင်သာယာမှဖြစ်သည်။
၁၄ နှစ်အရွယ် မိန်းကလေးအမှုသည် တရုတ်မယားအဖြစ်ရောင်းစားခံရမည်မှာသေချာသော်လည်း အခြား မိန်းကလေး (၇) ယောက်အမှုကိုမူ အတတ်မပြောနိုင်ပေ။

တချို့ကလည်း တစ်နှစ် သို့မဟုတ် ခြောက်လဆိုသည့်အချိန်တိုလေးအတွင်းမှာ တရုတ်မယားအဖြစ်နေပေးပြီး ပိုက်ဆံအများအပြားရမည်ဟုဆိုကာ သွေးဆောင်ဖြားယောင်းခံကြရကြောင်း အမှတ် (၁၇) လူကုန်ကူးမှုတားဆီး ကာကွယ်ရေးရဲတပ်ဖွဲ့ရုံးမှ ရဲမှူးကြီး ကျော်ညွန့်က ပြောသည်။

လူကုန်ကူးမှုနှင့်ပတ်သက်၍ ရှောင်ရှားနိုင်ရန် အသိပညာပေးခြင်းများရှိသော်လည်း တရုတ်မယားအဖြစ် ရောင်းစားခံရမှုများ မကြာခဏကြားရကြောင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့၏ အဆိုအရ သိရသည်။

ယခုနှစ်အတွင်းမှာပင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မှ ရွှေလီနယ်စပ်မြို့ကိုဖြတ်ကျော်သွားသည့် လူကုန်ကူးမှုပေါင်း ၃၉ ခုရှိကာ အမျိုးသား ၃၁ ဦးနှင့် အမျိုးသမီး ၁၀၅ ဦးတို့ကို လူကုန်ကူးမှုနှင့် ဖမ်းဆီးအရေးယူထားပြီး လူကုန်ကူးခံရသူ ၆၁ ဦးကို ကယ်တင်နိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်များနှင့်စီးပွားရေးအခက်အခဲများကြောင့် လိုအပ်ချက်မပြည့်မစုံဖြစ်ကာ လူကုန်ကူးမှုများပေါများလာပြီး တရုတ်ဘက်မှလည်း လိုအပ်ချက်ရှိနေသရွေ့ လှည့်စားခံရ၍ဖြစ်စေ စိတ်ဆန္ဒအရ ဖြစ်စေ တရုတ်မယားအဖြစ် လူကုန်ကူးမှုများလည်းဆက်ရှိနေမှာဖြစ်ပြီး ရှေ့လျှောက် တားဆီးနိုင်ဦးမည် မဟုတ်ပေ။  
Reference : Mizzima Weekly Issue 51-52, Vol. 8, December 19, 2019  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly