တတိယအကြိမ်မြောက် ရန်ကုန်မြို့ပြခရစ်စမတ်ပွဲတော်အား ၃ ရက်ကြာ ကျင်းပမည်

တတိယအကြိမ်မြောက် ရန်ကုန်မြို့ပြခရစ်စမတ်ပွဲတော်အား ၃ ရက်ကြာ ကျင်းပမည်
ဓာတ်ပုံ - နန့်ခိုင်

ဒီဇင်ဘာ ၂၀ ရက်။           ။ တတိယ အကြိမ်မြောက် ကျင်းပပြုလုပ်မည့် ရန်ကုန်မြို့ပြခရစ်စမတ်ပွဲတော်ကို လာမည့် ဒီဇင်ဘာ ၂၃ ရက် မှ ၂၅ ရက်အထိ သုံး ရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး လူမျိုးမရွေး ၊ ဘာသာမရွေး ပါဝင်နိုင်သည့်  ပွဲတော်တစ်ခုဖြစ်အောင် ဆောင်ရွက်နေကြောင်း ရန်ကုန်မြိုပြ  ခရစ်စမတ် ပွဲတော်ဖြစ်မြောက်ရေးကော်မတီထံက သိရသည်။

အဆိုပါပွဲတော် ကျင်းအမည့် အစီအစဉ်ကို  ဒီဇင်ဘာ ၂၀ ရက်နေ့က   ရန်ကုန်မြို့ရှိ  စိန်မေရီ ကာသီဒြယ် ဘုရားကျောင်းတွင်ပြုလုပ်သည့်   သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ ဒီနှစ်တော့ တတိယအကြိမ်မြောက်ကျင်းပတော့ ကြိုတင်ပြင်ဆင်မှု အားကောင်းလာတယ်။ အသင်းတော်အသီးသီးကလည်း ပူးပေါင်းဆောင်ရွက်လာတဲ့အတွက် အစီအစဉ်ကောင်းများစွာ ပြည်သူ့များကို တင်ဆက်နိုင်အောင် ပြင်ဆင်ထားပါတယ်။  ပထမအကြိမ်ကတုန်းကတော့ ဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင်သလို  ဒီတစ်ကြိမ်လည်း သူတို့ရဲ့ အကြံဉာဏ်တွေ နဲ့ ပိုမိုစည်ကားလာနိုင်အောင် ကျွန်တော်တို့ကို  အားပေးမှု ရှိပါတယ်” ဟု  ပွဲတော်ဖြစ် မြောက်ရေးကော်မတီ ၊ ဒု ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဦးတိုးတိုးက ပြောသည်။

 အခုလာမည့် ဒီဇင်ဘာ ၂၃ ရက်နေ့မှ စတင်ကျင်းပမည့်   ရန်ကုန်မြို့ပြခရစ်စမတ်ပွဲတော်ကို ရွှေတိဂုံ ဘုရားလမ်း နှင့်  သိမ်ဖြူလမ်းကြား ၊ ဧမာနွေလ ဘုရားကျောင်း ( မဟာဗန္ဓုလပန်းခြံ ) ၊သခင်မြပန်းခြံ နှင့်   အင်းစိန်မြို့ နယ်ရှိ စော်ဘွားကြီးကုန်းပန်းခြံ တို့တွင် ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ ပွဲတော် ကျင်းပသော  ပထမရက်မှ  လာရောက်ဆင်နွှဲကြမယ် ပြည်သူများအတွက် မုန့်ဟင်းခါးစတုဒီသာ ကျွေးမွေးရန်  ပြင်ဆင်ထားပြီး  ပွဲတော် ဒုတိယနေ့တွင်   ခေါက်ဆွဲပြုတ် ၊ တတိယနေ့တွင်  ကချင် ဆန်ပြုတ် တို့ကို ကျွေးမွေးသွားရန်  စီစဉ်ထားကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက  ပြောသည်။

“ ထူးခြားမှုတင်ဆက်မှုကတော့ ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေမှ ဗိုလ်ချုပ်လမ်းနှင့် ရွှေတိဂုံလမ်းထောင့်မှ ရှိတဲ့စင်မြင့်မှာ ရှိတဲ့ ဖွင့်ပွဲကို စတင်ပြုလုပ်သွားမှာဖြစ်တယ်။   ဝန်ကြီးချုပ် နဲ့ မြို့တော်ဝန်ကို ဖိတ်ကြားထားတယ်။ ပြီးရင် စင်မြင့်ဘေးမှ မုန့်ဟင်းခါး စတုဒီသာ ကျွေးမွေးမယ်။ ဒုတိယနေ့ ခေါက်ဆွဲပြုတ် ၊ တတိယနေ့ကျတော့  ကချင်ဆန်ပြုတ် စတုဒီသာကျွေးဖို့ ပြင်ဆင်ထားပါတယ် “   ဟု     ပွဲတော်ဖြစ်မြောက်ေရးကော်မတီ ၊ ဒု ဥက္ကဋ္ဌ သိက္ခာ ာတော်ရ ဆရာတော် ဦးတိုးတိုးက ပြောသည်။

ပွဲတော် ပိတ်ပွဲအခမ်းအနားကို  ဗိုလ်အောင်ကျော်လမ်း နှင့်  ဗိုလ်ချုပ်လမ်းရှိ စိန်မေရီကာသီဒြယ် ဘုရားကျောင်းတွင်  ပြုလုပ်သွားမည် ဖြစ်ပြီး  ညနေ ၆ နာရီ မှ ည  ၁၀နာရီ အထိ စတုဒီသာကျွေးမွေးခြင်း နှင့်အတူ  အဆိုတော် အနုပညာရှင်များ၏ တေးဂီတဖျော်ဖြေခြင်း ၊ ခရစ်စမတ်ဂုဏ်တော်ချီးမွမ်းခြင်းများ ပါဝင်ကာ  တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်သည်။

ပွဲတော် ပိတ်ပွဲအခမ်းအနားကို နိုင်ငံတော် ဒုသမ္မတ  ဦးဟင်နရီ ဗန်ထီးယူ  အပါအဝင် ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်   အစိုးရတာဝန်ရှိသူများ တက်ရောက်မည်ဟု သိရသည်။
    
    
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly