ယာဉ်စည်းကမ်း လိုက်နာမှု လူ ၁၀ ဦးလျှင် သုံးဦးသာရှိ

ယာဉ်စည်းကမ်း လိုက်နာမှု လူ ၁၀ ဦးလျှင် သုံးဦးသာရှိ
ပုံ - ထက်မြတ် (မဇ္စျိမ)  မန္တလေးက ဆိုင်ကယ်ဦးထုပ် မဆောင်းပဲ ဆိုင်ကယ်မောင်းနှင်သူ။

မန္တလေး၊ ဒီဇင်ဘာ ၁၉။         ။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် စီးနင်းသူများ ယာဉ်စည်းကမ်း လိုက်နာမှုအပိုင်းတွင် လူ ၁၀ ဦးလျှင် သုံးဦးခန့်သာ ရှိကြောင်း  ချမ်းအေးသာ စံမြို့ နယ် အမှတ် ၁၄ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးက သိရသည်။

ချမ်းအေးသာစံမြို့နယ် အမှတ် ၁၄ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးက ရဲမှူးဦမြင့်အောင်က “ ယာဉ်စည်းကမ်း လိုက်နာမှုက လူ ၁၀ ဦးမှာ သုံးဦးလောက်ပဲ ရှိပါတယ်၊ မီးနီ ဖြတ်ကူးတာ၊ ဆိုင်ကယ် ဦးထုပ် မဆောင်းတာ အပြင် တခြားသော စည်းကမ်း လိုက်နာမှု မရှိတာတွေ ရှိပါတယ်၊ ဒါကြောင့် မလိုလားအပ်တဲ့ ထိခိုက်နစ်နာ မှုတွေ ရှိလာပါတယ်”ဟု ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဦးရဲမြတ်သူက စည်ပင်သာယာရေးကော်မတီ အနေဖြင့် လမ်းဆုံလမ်းခွများနှင့် လူ စည်ကားသော နေရာများတွင် CCTV ကင်မရာများ တပ်ဆင်ခြင်း၊ ယာဉ်စည်းကမ်း ဖောက် ဖျက်သူများကို မှတ်တမ်းတင်ခြင်း များ လုပ်ဆောင်နေပြီး ယာဉ်ကြောရှုတ်ထွေးမှုများ ဖြေရှင်းနိုင်ရန် အတွက် အလိုအလျောက် လမ်းရှင်းပေးနိုင် သည့် စနစ်ပါဝင်သော မီးပွိုင့် ၅၀ ခန့်ကိုလည်း တပ်ဆင်ပေးထား ကြောင်း ပြောသည်။

ပုံ - မန္တလေးက ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည့် ဆိုင်ကယ်မောင်းနှင်သူများ
 
“ကျွန်တော်တို့ မြို့တွင်း လူစည်းကားတဲ့ နေရာတွေမှာ ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်အောင် ဆင်ဆာပါဝင်တဲ့ မီးပွိုင့်တွေ တပ်ဆင်ထားပါတယ်၊ CCTV တွေကိုလည်း တပ်ဆင်ထားပြီး ယာဉ်စည်းကမ်း ဖောက်ဖျက်မှုတွေကို မှတ် တမ်းတင် ထားပါတယ်၊ တစ်နေ့ကိုဆိုရင် ယာဉ်စည်းကမ်း ဖောက်ဖျက်သူ ထောင်ဂဏန်းအထိ ရှိနေပါ တယ်”ဟု ၎င်းက ပြောသည်။

ယာဉ်စည်းကမ်း လိုက်နာမှုမရှိပဲ မောင်းနှင်မှုတွင် ဆိုင်ကယ်ဦးထုပ် မဆောင်းဘဲ မောင်းနှင်ခြင်း၊ မော်တော် ယာဉ်များ မီးနီ ဖြတ်မောင်းခြင်း၊ မဆင်မခြင် မောင်းနှင်ခြင်း စသည့် ဖြစ်စဉ်များ အများဆုံး ဖြစ်ပြီး ယာဉ် စည်းကမ်း မလိုက်နာမှုများကြောင့် အသက် သေဆုံးသည့်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်ထိန်းရဲတစ်ဦးက “ဆိုင်ကယ်ဆိုရင် ဦးထုပ်ဆောင်းပေမယ့် မေးသိုင်းကြိုး မတတ်ကြဘူး၊ အဲဒါဆိုရင် ဆိုင်ကယ်ဦးထုပ် မဆောင်းတာနဲ့ အတူတူပါပဲ၊ ယာဉ်တိုက်မှုဖြစ်ရင် ကာကွယ်မှု မပေးနိုင်တော့ပဲ မလိုလား အပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်၊ အဲဒါအပြင် ဆိုင်ကယ်ဦးထုပ် ဆောင်းမယ်ဆိုရင်လည်း အရည်အသွေး ပြည့်မီတာတွေကို ဝယ်ယူကြဖို့လည်း ပြောချင်ပါတယ်”ဟု ပြောသည်။

ယာဉ်စည်းကမ်း လိုက်နာမှု မရှိသည့် ယာဉ်များအား မော်တော်ယာဉ် ဥပဒေဖြင့် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ အထိ ဆိုင်ကယ်နှင့်ပတ်သက်သည့် အရေးယူခဲ့မှု စုစုပေါင်း ၁၆၁၁၆ မှု ရှိပြီး မော်တော်ယာဉ် ပါဝင်နှင့် ပတ် သက်သော အရေးယူခဲ့မှု ၁၉၃၃ ရှိခဲ့သလို ယာဉ်မတော်တဆမှုကြောင့် မန္တလေးခရိုင်တွင် ၁၁ လအတွင်း သေဆုံးသူ ၁၃၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၂၈၁ ဦး ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly