အီးယူမှ ဗြိတိန်နုတ်ထွက်မှုအရေးကို ၂၀၂၀ နှစ်ကုန်အထိ သက်တမ်းတိုးရေးအား ဝန်ကြီးချုပ် လက်မခံ

အီးယူမှ ဗြိတိန်နုတ်ထွက်မှုအရေးကို ၂၀၂၀ နှစ်ကုန်အထိ သက်တမ်းတိုးရေးအား ဝန်ကြီးချုပ် လက်မခံ

ဒီဇင်ဘာ ၁၈။             ။ ဗြိတိန်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က ရွေးကောက်ပွဲအပြီး ပထမဆုံး အောက်လွှတ်တော်ကို ဥက္ကဋ္ဌသစ် လင်ဆေးဟိုလီ သဘာပတိမူလျက် ပြန်လည်ကျင်းပသည်။

ထို လွှတ်တော်တွင် ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်က လွှတ်တော်အမတ်များအနေဖြင့် ပြည်သူများ၏ ဦးစားပေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ပေးနိုင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဒီဇင်ဘာ ၁၇ ရက်က ကျင်းပသော ပထမဆုံး ကက်ဘိနက်အစည်းအဝေးတွင်လည်း ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်သည် အီးယူမှ ဗြိတိန်နုတ်ထွက်နိုင်ရေး အကူးအပြောင်းကာလကို ၂၀၂၀ နှစ်ကုန်အလွန်အထိ သက်တမ်းတိုးရေးသည် တရားမဝင်ကြောင်း ကြေညာရန် ကြိုးပမ်းခဲ့သည်။

ဥရောပသမဂ္ဂ အီးယူမှ ဗြိတိန်နုတ်ထွက်မှု ဘရစ်ဇစ်အရေးကို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်မည့် ဘော်ရစ်ဂျွန်ဆင်၏ ပေါ်လစီသည် ထောက်ခံမှုများစွာ ရထားသည်။

လာမည့် ဇန်နဝါရီ မကုန်မီ ဥရောပမှ ဗြိတိန်နုတ်ထွက်ခြင်းဖြင့် ဘရစ်ဇစ်ကို အပြီးသတ်မည်ဟု ကတိစကားအားဖြင့် ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပသော ရွေးကောက်ပွဲတွင် ထောက်ခံမှု အများအပြား ရရှိကာ ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်က ပြန်လည်ရွေးကောက်ခံရခြင်း ဖြစ်သည်။

ဘရစ်ဇစ်အရေးတွင် ၂၀၂၀ အထိ သတ်မှတ်ကာလသည် ပြည့်စုံသော ဘုံသဘောတူညီချက် ရရှိရေးအတွက် နည်းပါးလွန်းသည့် အချိန်ဖြစ်ပြီး သဘောတူညီချက်မဲ့ ဘရစ်ဇစ် ထပ်မံပေါ်ပေါက်လာနိုင်ကာ မရေရာမှုများနှင့် ကသောင်းကနင်း ဖြစ်မှုများ ထပ်မံ ဖြစ်ပွားလာနိုင်သည်ဟု အချို့သော ဥရောပခေါင်းဆောင်များက ပြောကြသည်။

ထိုသို့ ဘရစ်ဇစ်ကာလကို သက်တမ်းတိုးလိုသော မှတ်ချက်စကားများကြောင့် စတာလင်ပေါင်ဈေး ထိုးကျခဲ့သည်။

သို့သော် ရွေးကောက်ပွဲအပြီး ပထမဆုံး ကျင်းပသော ဒီဇင်ဘာ ၁၇ ရက်က ကက်ဘိနက်အစည်းအဝေးတွင် ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်က ဘရစ်ဇစ်အကူးအပြောင်းကာလ သက်တမ်းတိုးမည်ဆိုခြင်းအား လက်မခံကြောင်း ပြောဆိုရာမှ စတာလင်ပေါင်ဈေး ပြန်လည် မြင့်တက်လာခဲ့သည်။

“ဒီတိုင်းပြည်က မဲပေးပြည်သူတွေဟာ ပိုပြီး ကောင်းမွန်ဖို့အတွက် ဒီ အစိုးရနဲ့ ကျွန်တော်တို့တွေရဲ့ ပါတီကို အပြောင်းအလဲတွေ ပေးအပ်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံကို ပိုမိုကောင်းမွန်အောင် ဖော်ဆောင်ပြီး မဲပေးသူတွေရဲ့ ယုံကြည်မှုကို ပြန်လည်ပေးဆပ်ကြရမှာ ဖြစ်တယ်။”ဟု ဒေါင်းနင်းလမ်း ရုံးတွင် ပြုလုပ်သော ကက်ဘိနက်အစည်းအဝေးတွင် ဝန်ကြီးချုပ်က ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly