နေပြည်တော်၊ ဒီဇင်ဘာ ၁၇ ။ ။ လာမည့်လေးနှစ်အတွင်း ရန်ကုန်တွင် အမှိုက်များကို စွန့်ပစ်ရန် မြေနေရာ မရှိတော့သည့်အတွက် စွန့်ပစ်အမှိုက်များကို ပြန်လည်သန့်စင်ရန် ပိုလန်နိုင်ငံ အစိုးရထံမှ ODA ချေးငွေ ယူရိုသန်း ၅၀ ရယူရေးအတွက် ဒီဇင်ဘာ ၁၇ ရက်နေ့ကကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် စီမံဘဏ္ဍာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တင်ပြခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မြို့တော်စည်ပင်သာယာရေးနယ် နမိတ်အတွင်းမှ စွန့်ပစ်အမှိုက်များကို ပြုပြင်သန့်စင်သည့် စီမံကိန်းဆောင်ရွက်ရန်အတွက် ပိုလန်နိုင်ငံအစိုးရထံ ချေေးငွေ ရယူရေး ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ပေးပို့လာမှုကို ဦးမောင်မောင်ဝင်းက တင်ပြခဲ့ခြင်း ဖြစ်သည်။
“ ရန်ကုန်မြို့တော်ကြီးဟာ စီးပွားရေးမြို့တော် ဖြစ်တာနဲ့ အညီ မြို့ပြ ဖွံ့ဖြိုး တိုးတက်လာခြင်း မြို့တော်ရဲ့ လူဦးရေ တိုးတက်လာခြင်း စီးပွား ရေးနဲ့ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ရွှေ့ပြောင်းနေထိုင်သူ များပြားလာခြင်း၊ အမှိုက်ထွက်ရှိမှုနှုန်း တိုးမြင့်လာခြင်း ၊ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ် မှု များ ဖြစ်ပေါ်နေတဲ့ အတွက် အမှိုက်စွန့်ပစ်ရန် မြေနေရာ ရှားပါးလာပြီးတော့ နောက်ဆုံးစွန့်ပစ် အမှိုက်ပုံမြေနေရာများ ထပ်မံ ရရှိရန် ခက်ခဲလာတဲ့အတွက် လက်ရှိနည်းစနစ်အတိုင်း ဆက်လက်စွန့်ပစ်နေပါက နောင်လာမယ့် လေးနှစ်တာ ကာလခန့်မှာ အမှိုက်စွန့်ပစ်ရန် အတွက်မြေနေရာ မရှိနိုင်တော့ကြောင်း လေ့လာတွေ့ရှိရပါတယ်” စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လအတ်တော်တွင် ပြောသည်။
လက်ရှိတွင် ရန်ကုန်စည်ပင်သာယာရေးနယ်နမိတ်တွင်းရှိ အိမ်ထောင်စုများထံက တစ်နေ့လျှင် တန် ၂၃၀၀ မှ တန် ၂၅၀၀ကြား ထက်ရှိပြီး စက်မှုဇုန်များမှ အမှိုက်တန်၁၅၀ နှင့် ဆေးရုံ ဆေးခန်းများမှ အမှိုက် ၂တန်ကျော်ခန့် နေ့စဉ်ထွက်ရှိနေကြောင်း သိရသည်။
လက်ရှိ ရန်ကုန်မြို့၏ အမှိုက်သိမ်းစနစ်သည် ရေထုလေထုမြေထုညစ်ညမ်းခြင်း၊ အမှိုက်ပုံမီးလောင်မှုအန္တာရာယ် များကြောင့် ပြည်သူများအတွက် ကျန်းမာရေး ဆိုးကျိုးများဖြစ်ပေါ်စေသဖြင့် ဟင်းလင်းဖွင့်စနစ် စုပုံခြင်းမလုပ်တော့ဘဲ ချေဖျက်သန့်စင်သည့် နည်းကို လုပ်ဖို့လိုနေကြောင်း ဝန်ကြီးက လွှတ်တော်တွင်ပြောသည်။
စီမံကိန်းကို လှိုင်သာယာ မြို့နယ် ထိန်ပင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံတွင် ဆောင်ရွက်မည် ဖြစ်ပြီး စီမံကိန်းကာလ အနေဖြင့် ၂၀၂၀ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ သုံးနှစ်ဖြစ်သည်။ အဆိုပါ စီမံကိန်းသည် စွန့်ပစ်အမှိုက် တစ်ရက်လျှင် တန် ၁၀၀၀ ချေဖျက်ပြီး ထုတ်ကုန်များအနေနှင့် CNG တန် ၃၀၊ liquefied (CO2) ၄၀ တန်၊စွမ်းအားဖြည့်လောင်စာ Refuse Derived Fuel (RDF) တန် ၁၈၀ နှင့် သဘာဝမြေဆွေး တန် ၂၅၀ ထွက်ရှိနိုင်မည်ဟု လွှတ်တော်တွင် တင်ပြချက်မားအရ သိရသည်။
ချေးငွေသက်တက်တမ်းသည် ဆိုင်းငံ့ကာလနျင့် ပြန်ဆပ်ကာလ စုစုပေါင်း ၆၇ နှစ် ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် သုည ဒသမ တစ်ရာခိုင်နှုန်းဖြစ်သည့် အတွက် သက်သာမှုရှိသည့် ချေးငွေဖြစ်ပြီး စီမံကိန်းက ပြန်လည်ထွက်ရှိလာမည့် ပစ္စည်းများနှင့် ပြန်ဆပ်သွားမည်ဟု ချေးငွေနှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
အဆိုပါ ချေးငွေနှင့် ပတ်သက်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လာမည့် ဒီဇင်ဘာ ၂၀ရက်နေ့ နောက်ဆုံးထားကာ ပြည်ထောင်စုလွှတ်တေ်ာရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းကြရန်နှင့် ကျန်ရှိသည့် အစီအစဉ်များကို ကျန်ရှိသည့် ၁၅ကြိမ်မြောက် အစည်းအဝေးကာလတွင် ဆက်လက်ဆောင်ရွက်သွားမယည်ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောသည်။