“၂၀၁၅ ရွေးကောက်ပွဲအတွက် မီဒီယာတွေ ဘယ်လောက် တာဝန်ကျေသလဲ”

“၂၀၁၅ ရွေးကောက်ပွဲအတွက် မီဒီယာတွေ ဘယ်လောက် တာဝန်ကျေသလဲ”

ကိုမျိုးသန့်ရေ

ခုဆို ရွေးကောက်ပွဲ ကျင်းပဖို့ရက် နီးသထက် နီးလာနေပြီနော။ ဒီကာလအတွင်း ရွေးကောက် ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီက မီဒီယာတွေ ဘာတွေ ဖော်ပြနေကြသလဲဆိုတာ ဆန်းစစ်ကြည့်မိ တယ်။ ရွေးကောက်ပွဲကို ဘယ်လောက်အထိ အထောက်အကူ ဖြစ်စေသလဲပေါ့နော။

ကျွန်တော်ကတော့ လက်ရှိ မြန်မာပြည် မီဒီယာလောကကို ၄ ပိုင်းလောက် ပိုင်းကြည့်ချင် တယ်။ ပထမအပိုင်းကတော့ အစွမ်းထက်တဲ့ ရေဒီယိုနဲ့ရုပ်သံ မီဒီယာတွေ အခန်းကဏ္ဍပါ။ ဒုတိယ ပိုင်းကတော့ လွတ်လပ်ခွင့်ရပြီးဖြစ်တဲ့ ကျွန်တော်တို့ရဲ့ စာနယ်ဇင်းလို့ခေါ်တဲ့ ပုံနှိပ်မီဒီယာရဲ့ အခန်းက ဏ္ဍပါ။ တတိယကတော့ ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနတွေရဲ့ ကဏ္ဍပါ။ နောက်ဆုံး တစ်ခုက တော့ အင်တာနက် စာမျက်နှာတွေပဲ ဖြစ်ပါတယ်ဗျာ။

ကိုမျိုးသန့် သိပြီးဖြစ်တဲ့အတိုင်း အစွမ်းထက်တဲ့ ရေဒီယိုနဲ့ရုပ်သံ ချယ်နယ်ပေါင်းများစွာ ပြည် တွင်းမှာ ရှိနေကြပါတယ်။ အစိုးရရဲ့ အပြည့်အဝ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။ အဲလို အစိုးရရဲ့ ထိန်းချုပ်မှုကြောင့်ပဲ ပြည်တွင်းက ရေဒီယိုနဲ့ ရုပ်သံတွေဟာ ရွေးကောက်ပွဲနဲ ပတ်သက်ရင် ပညာပေးမှု နည်းနည်းပါးပါး လုပ်တာကလွဲရင် အခြားဘာမှ မယ်မယ်ရရ ဖော်ပြခြင်း မပြုနိုင်ကြပါ ဘူး။ ပြောရရင် ရွေးကောက်ပွဲအတွက်၊ ပြည်သူတွေအတွက်၊ တိုင်းပြည်အတွက် လုံးဝ တာဝန်မကျေဘူးလို့ ပြောနိုင်ပါ တယ်။ ဒါကို ကျွန်တော်ဆက်ပြီး ရှင်းပြချင်ပါသေးတယ်။

အခုကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲဆိုတာဟာ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်ပါတယ်။ ဘယ်အချိန် ဘယ်ကာလနဲ့မှ မတူ မကြုံစဘူး တကမ္ဘာလုံးက စိတ်ဝင်စားနေကြတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းမီဒီယာတွေရဲ့ ပထမ တာဝန်ဟာ အခု ရွေးကောက်ပွဲကြီးရဲ့ အရေးပါမှုကို ပြည်သူတွေပိုပြီး သိရှိအောင် ဖော်ပြရေးပဲ ဖြစ်ပါ တယ်။ အစိုးရက အပြည့်အဝ ထိန်းချုပ်ထားတဲ့ ရေဒီယိုနဲ့ ရုပ်သံတွေဟာ ဒီတာဝန်တွေ မကျေပါဘူး။ နောက်ပြဿနာတစ်ခုက ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အစုံအလင် ရရှိရေးပါ။

ရွေးကောက်ပွဲ ကောင်းကောင်းကန်းကန်း မလုပ်ခဲ့ဖူးတာရယ်၊ ကော်မရှင် ဥက္ကဋ္ဌ ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို မျက်လှည့်ပြသလို တစ်ခုပြီးတစ်ခု ထုတ်ပြ နေတာရယ်တွေကြောင့် အဲဒီ အချက်အလက်တွေကို ပြည်သူတွေ အချိန်နဲ့တပြေးညီ သိအောင် ဖော်ပြ ပေးဖို့ လိုပါတယ်။ ဒါ့အပြင် မဲပေးရွေးချယ်ရမယ့် အမတ်လောင်းတွေ၊ ပါတီတွေနဲ့ဆိုင်တဲ့ အချက်အ လက်တွေဆိုရင်လည်း နိုင်ငံခြား တိုင်းပြည်တွေနဲ့မတူ ရှာရဖွေရ အလွန်ခက်နေပါတယ်။

ဒီမိုကရေစီ နိုင်ငံကြီးတွေမှာတော့ ဘယ်ပါတီ အကြောင်းသိချင်ချင်၊ ဘယ်အမတ်လောင်းအကြောင်း သိချင်ချင် အင်တာနက် အွန်လိုင်းကနေခေါက်ပြီး ရှာလိုက်ရုံပါပဲ။ ဒီမှာက အဲလိုအခြေအနေ မရှိသေးတော့ အဲဒီ တာဝန် ထမ်းဆောင်ရမှာဟာ မီဒီယာတွေရဲ့ တာဝန်ပါပဲ။ အစိုးရထိန်းချုပ်ထားတဲ့ ရေဒီယို ရုပ်သံတွေ ဟာ ဒီတာဝန်ကိုလည်း မကျေပွန်ကြပါဘူး။ ဒါဆိုရင် အဲဒီချယ်နယ်တွေ ဘာတွေ ဖော်ပြနေကြသလဲလို့ မေးစရာ ရှိပါတယ်။ သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှု သတင်းတွေကိုပဲ အဓိက ဦးစားပေး တင်ဆက်နေကြတာပါ။

တစ်ဖက်ကကြည့်ရင် သမ္မတနဲ့ အစိုးရ အဖွဲ့ဝင်တွေဟာ ပြည်ခိုင်ဖြိုးပါတီဝင်တွေ ဖြစ်နေကြတာမို့ နေ့စဉ် ရုပ်သံချယ်နယ်တွေမှာ ဒီ ပုံရိပ်တွေ ချည်းပဲ မြင်နေရတာဟာ ရွေးကောက်ပွဲနီးနေတဲ့ အခုလို ကာလမျိုးမှာ သိပ်တော့ မကောင်းပါဘူး။ အဲဒီ ချယ်နယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အင်အားစုတွေရဲ့ လှုပ်ရှားမှုမျိုးတွေကို အရိပ်အယောင်လောက်တောင် မမြင်ကြရပါဘူး။

ကိုမျိုးသန့်ရေ

တကယ် တာဝန်ကျေတာကတော့ ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်တွေ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အတတ်နိုင်ဆုံး တာဝန်ကျေအောင် ကြိုးစားနေကြတာ တွေ့နေရပါ တယ်။ တစ်ချို့ လုပ်ပုံကိုင်ပုံ အားနည်းချက် နည်းနည်းပါးပါး ရှိတာ၊ တစ်ချို့ ကိုယ်ဆော်ချင်တဲ့ သူကို တောက်လျောက် သတင်းရေးပြီး ဆော်တဲ့ စုန်းပြူးသတင်းစာမျိုးတွေ ရှိနေပေမယ့် ယေဘူယျအားဖြင့် ပုံနှိပ် စာနယ်ဇင်းတွေက တာဝန်ကျေပါတယ်။ ဒါပေမယ့် အဲဒီ စာနယ်ဇင်းတွေကို ပြည်သူတွေက ငွေပေးဝယ်ဖတ်ရတာ ဖြစ်လေတော့ ရေဒီယိုနဲ့ ရုပ်သံလို သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထိရောက်မှု ရှိတာမျိုးတော့ မဟုတ်ပါဘူး။

ပြည်ပအခြေစိုက် ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေနဲ့ ဒီဗွီဘီ သတင်းဌာနတွေကလည်း ရွေးကောက်ပွဲအတွက် အထူးကြိုးစားကြတာ တွေ့ရပါတယ်။ သက်ဆိုင်ရာ ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေဆီကနေ ရွေးကောက်ပွဲအတွက် သီးသန့် ဘတ်ဂျက်တွေ ထပ်ရကြပါတယ်။ ဒါကြောင့် အသံလွှင့်ချိန် တိုးချဲ့တာ၊ အစီအစဉ်တွေ တိုးချဲ့တာ၊ ရွေးကောက်ပွဲကာလ လိုအပ်တဲ့ ဝန်ထမ်းအသစ် ခန့်အပ်တာတွေလုပ်ပြီး ပြည်သူတွေ သတင်းအချက်အလက် ပိုရအောင် ကြိုးစားကြတာ တွေ့ရပါ တယ်။ ဒီ သတင်းဌာနတွေရဲ့ ထုတ်လွှင့်ချက်တွေဟာ အခမဲ့ဖြစ်တာ၊ ရေဒီယို ဆိုရင် တောကြိုအုံကြား ပါမကျန် ရောက်ရှိနိုင်တာကြောင့် ကျယ်ပြန့် ထိရောက်မှုရှိတာ တွေ့ရပါတယ်။

အင်တာနက် အွန်လိုင်းကျတော့ ကျွန်တော်တို့ဆီမှာ လွတ်လပ်ပါတယ်။ ဒါပေမယ့် ဒီ အင်တာ နက် အွန်လိုင်းကို အသုံးပြုပြီး ပြည်သူတွေ သတင်းအချက်တွေကို လွယ်လွယ်ကူကူရအောင် သက် ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် ဆောင်ရွက်ပေးတာမျိုးတော့ မတွေ့ရပါဘူး။ ဝတ်ကျေတန်းကျေ လောက်ပဲ ဆောင်ရွက်တာ တစ်ခါတစ်ရံ ထိန်ချန်တာမျိုးတွေတောင် တွေ့ရပါတယ်။

ဥပမာ ရွေးကောက်ပွဲအတွက် အမတ်လောင်းတင်တဲ့ စာရင်းမှာ နိုင်ငံရေးပါတီ တစ်ခုစီအလိုက် ဖော်ပြပေး ပေမယ့်၊ နောက်ပိုင်း ကော်မရှင်က အတည်ပြုပြီး စာရင်းမှာတော့ အဲလို နိုင်ငံရေးပါတီ တစ်ခုချင်းစီ အလိုက် ဖော်ပြတာ မလုပ်တော့ပါဘူး။ တမင် ထိန်ချန်တယ်လို့ပဲ ယူဆရပါတယ်။ သတင်းလွတ် လပ်ခွင့်ရတဲ့ စာနယ်ဇင်း မီဒီယာတွေကလည်း အင်အားသေးငယ်တဲ့အတွက် ငွေကုန်ကြေး ကျခံပြီး အွန်လိုင်းကို ထိထိရောက်ရောက် အသုံးချနိုင်တာ မတွေ့ရပါဘူး။ အွန်လိုင်းမှာ အဓိက ပျံ့နှံ့နေတာက တော့ နိုင်ငံရေးပါတီ ထောက်ခံသူ၊ ကန့်ကွက်သူတွေ တစ်ဖက်နဲ့တစ်ဖက် လေသေနတ်နဲ့ တိုက်ခိုက် နေကြတာက များပါတယ်။ အသုံးဝင်မယ့် သတင်းအချက်အလက်ထက် ဝါဒဖြန့်တာ ပိုများနေတဲ့ သဘောပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေအနေဟာ ၂၀၁၀ တုန်းက မီဒီယာအားလုံးကို အမှောင်ချပြီးမှ လုပ်တဲ့ ရွေးကောက်ပွဲနဲ့တော့ လုံးဝ ကွာခြားသွားခဲ့ပြီ ဖြစ်ကြောင်းပါ။

ကျန်းမာပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags