ဘားနဒ်ရွာ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထား

ဘားနဒ်ရွာ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထား
 (ဓာတ်ပုံ- အောင်ကိုဦး/မဇ္ဈိမ)

မန္တလေး( ဒီဇင်ဘာ ၁၇ရက်၊ ၂၀၁၉ခုနှစ်)။     ။ ရေခဲသည်အထိ အေးလေ့ရှိသော မိုးကုတ်မြို့နယ်အတွင်းရှိ ဘားနဒ်ကျေးရွာကို ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့မှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က မဇ္ဈိမကို ပြောသည်။

 တစ်ရွာလုံး ရေခဲလေ့ရှိသော ဘားနဒ်ကျေးရွာသို့ ယခုလို ဆောင်းရာသီတွင် လာရောက်လည်ပတ်သူ နေ့စဉ် လူဦးရေ ရာဂဏန်းရှိရာ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန် ရည်ရွယ်ကာ ယခုကဲ့သို့ ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

 “သစ်တောနဲ့သယံဇာတဝန်ကြီးဌာနကို ဒီမြေ ပ,လပ်ဖို့ တင်ထားတယ်။ ပြည်ထောင်စုဝန်ကြီးရုံးကနေတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ကို ပ,လပ်ဖို့ တင်ရမယ်။ အဲ့ဒါ ဆောင်ရွက်ပြီးပြီ၊ ဒီမြေကို ပ,လပ်ပြီးပြီ ဆိုလို့ရှိရင် ဒါထိန်းသိမ်းဖို့ရာဆိုလို့ရှိရင် မိုးကုတ်က အဖွဲ့အစည်းတွေကိုပဲ တာဝန်ယူရမယ် ထင်တယ်။ ဒါမှမဟုတ် စည်ပင်နဲ့ ပူးတွဲပေါ့” ဟု ဝန်ကြီး ဦးမျိုးသစ်က ပြောသည်။

 မိုးကုတ်မြို့နှင့် ၁၂မိုင်ခန့် ဝေးသည့် ဘားနဒ်ကျေးရွာသို့ ယခုရာသီတွင် ပြည်တွင်းခရီးသွားများသာမက ပြည်ပ ခရီးသွားများကပါ လာရောက်လည်ပတ်ကြသည်။ လာရောက်လည်ပတ်သူများအနေဖြင့် ကိုလိုနီခေတ် စစ်သင်္ချိုင်းနှင့် ယမ်းတိုက်တို့ကိုပါ သွားရောက် လေ့လာနိုင်သည်။

 
“မနက်သုံးနာရီလောက် ထလာမှ ဒီမှာ ငါးနာရီလောက် ရောက်တယ်။ အဲ့ဒါမှလည်း ရေခဲတာ မြင်ရတယ်။ အများစုကတော့ ဒါကြည့်ဖို့နဲ့ စစ်သင်္ချိုင်းကြည့်ဖို့ပဲ။ သူတို့လာတဲ့အချိန် စောင့်ရောင်းရတာပေါ့။ ဒီမှာ အဆင်ပြေပြေ တည်းဖို့၊ ခိုဖို့ နေရာလေးတွေ လုပ်ပေးနိုင်ရင် ကောင်းတယ်” ဟု ရိုးရာအစားအစာများ လာရောက် ရောက်ချသူ ဒေသခံ နော်ထူးထူးအောင်က ပြောသည်။

 
ထို့ပြင် ဗားနဒ်ရွာတွင် ရှိသည့် ဗြိတိသျှစစ်တပ် အသုံးပြခဲ့သော ယမ်းတိုက်နှင့် ကျဆုံးစစ်သည်များကို မြှုပ်နှံထားသည့် စစ်သင်္ချိုင်းတို့မှာ ပျက်စီး၊ ယိုယွင်းမှုများ ဖြစ်ပေါ်လျက် ရှိသည်။

 
လက်ရှိတွင် ယမ်းတိုက်သည် လူနေအိမ်များအကြားတွင် ရှိနေပြီး စစ်သင်္ချိုင်းမှာလည်း ကျောက်ရတနာတူးဖော်သည့် နေရာတွင် တည်ရှိသည့်အတွက် ထိုနေရာများကို ထိန်းသိမ်းရန်မှာ ပ,လပ်မြေအဖြစ် သတ်မှတ်ပြီးမှသာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးမျိုးသစ်က ပြောသည်။

 
စစ်သင်္ချိုင်းတွင် ကဗ္ဗည်းကျောက်တိုင် ၂၂တိုင် ရှိနေသေးပြီး ထိုနေရာသို့ နိုင်ငံခြားသားများက လာရောက် ကြည့်ရှုကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly