ပါကစ္စတန် စစ်အာဏာရှင်ဟောင်း မူရှာရက်ဖ်အား နိုင်ငံတော် သစ္စာဖောက်မှုဖြင့် သေဒဏ် ချမှတ်

ပါကစ္စတန် စစ်အာဏာရှင်ဟောင်း မူရှာရက်ဖ်အား နိုင်ငံတော် သစ္စာဖောက်မှုဖြင့် သေဒဏ် ချမှတ်

ဒီဇင်ဘာ  ၁၇ ။      ။ ပါကစ္စတန် စစ်အာဏာရှင်ဟောင်း ပါဗက်ဇ် မူရှာရက်ဖ်အား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတရားရုံးတစ်ရုံးက ဒီဇင်ဘာ ၁၇ ရက်တွင် သေဒဏ်ချမှတ်လိုက်ပြီဖြစ်သည်။

ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်ဖ်အား နိုင်ငံတော် သစ္စာဖောက်မှု၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ချိုးဖောက်မှု စွဲချက်များဖြင့် တရားစွဲဆိုခဲ့ပြီး ယခုကဲ့သို့ သေဒဏ်ပြစ်ဒဏ်ကို ချမှတ်လိုက်ခြင်း ဖြစ်သည်။

“ ပါဗက်ဇ် မူရှာရက်ဖ်ဟာ ပါကစ္စတန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခဲ့မှုအတွက် ဥပဒေအပိုဒ်ခွဲ ၆ အရ အပြစ်ရှိတယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်” ဟု အစိုးရ ဥပဒေအရာရှိ ဆော်လ်မန် နာဒီးမ်က ပြောသည်။

၎င်းသည် ၂၀၀၇ ခုနှစ်က အရေးပေါ် ဥပဒေ ပြဌာန်းကာ နိုင်ငံကို အုပ်ချုပ်ခဲ့မှုအတွက် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အမှုရင်ဆိုင်နေခဲ့ရခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်ဖ်သည် ယင်းနိုင်ငံတွင် ၁၉၉၉ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုနှင့်အတူ အာဏာရယူပြီး သမ္မတအဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ တာဝန်ယူခဲ့သူ ဖြစ်သည်။ လက်ရှိအချိန်တွင်လည်း ပြည်ပတွင် နေထိုင်နေကြောင်း သိရသည်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly