ဖခင်ဖြစ်သူက သားနှစ်ဦးကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု အမေရိကန်တွင် ဖြစ်ပွား 

By Kjrh
17 December 2019
ဖခင်ဖြစ်သူက သားနှစ်ဦးကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု အမေရိကန်တွင် ဖြစ်ပွား 

ဒီဇင်ဘာ ၁၇ ။     ။ အမေရိကန် ပြည်ထောင်စု အိုကလားဟိုးမားပြည်နယ် Tulsa ကောင်တီ Jenks မြို့တွင် ဖခင်ဖြစ်သူက သားနှစ်ဦးကို ပစ်သတ်ပြီး ၎င်းကိုယ်ကိုယ် ပြန်လည်ပစ်ခတ် သေကြောင်းကြံသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားသွားခဲ့ကြောင်း သိရသည်။

Jenks မြို့ အနောက် ၁၀၆ လမ်း အနီး Country Woods ဧရိယာတွင် ဖြစ်ပွားခဲ့သော အဆိုပါ သေနတ်ပစ်ခတ်မှုအပေါ် ရဲဌာနက စုံစစ်စစ်ဆေးလျက် ရှိသည်။

ယင်းမြို့ နေအိမ်တစ်လုံးထဲတွင် လူသုံးဦး သေနတ်ဒဏ်ရာများ ရထားကြောင်း သတင်းပေးချက်အရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြရသည်။

စစ်ဆေးမှုများအရ အသက် ၃၆ နှစ်ရှိ ထန်ခင်း (Thang Khen) ဆိုသူ အမျိုးသား(ချင်းတိုင်းရင်းသား)သည် အခင်းဖြစ်စဉ် မဖြစ်ပွားမီက ၎င်း၏ ကလေး လေးယောက်ကို ဂိုဒေါင်ထဲ ခေါ်ယူစုဝေးစေခဲ့ပြီးနောက် ၎င်းက ၉ မီလီမီတာ သေနတ်ကို ဆွဲထုတ်ကာ သားများဖြစ်သည့် အသက် ၈ နှစ်အရွယ် ပီတာခင်း (Peter Khen) နှင့် ၁၀ နှစ်အရွယ် ရှမွေလ် ပေါင် (Samual Pau) တို့ကို ပစ်သတ်ခဲ့သည်။

ယင်းအချိန်အတွင်း အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးမှာ နေအိမ်ထဲ ပြန်လည်ဝင်ရောက်ထွက်ပြေးလွတ်မြောက်သွားခဲ့သကဲ့သို့ နို့စို့အရွယ် ကလေးတစ်ဦးသည်လည်း မထိမခိုက်ဘဲ ကျန်ရစ်ခဲ့သည်။ ယင်းနောက် ဖခင်ဖြစ်သူ ထန်(Thang) သည် ၎င်းကိုယ်ကိုယ်ပြန်လည်ပစ်ခတ်ခဲ့သည်။

အခင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် အသက် ၈ နှစ်သားအရွယ် ပီတာ(Peter) သည် နေရာတွင်းပင် ပွဲချင်းပြီး ဆုံးသွားပြီး ရှမွေလ် ပေါင် (Samual Pau) နှင့် ဖခင်ဖြစ်သူ ထန်(Thang) တို့သည် ဆေးရုံအရောက်တွင် ဆုံးသွားခဲ့ကြသည်။

ယခုကဲ့သို့ လူသတ်၊ သေကြောင်းကြံစည်မှု ဖြစ်စဉ်မျိုးသည်  ကြုံတောင့်ကြုံခဲဖြစ်စဉ် တစ်ခုဖြစ်သဖြင့် အနီးအနားပတ်ဝန်းကျင်တွင် နေထိုင်သူများ အံ့သြတုန်လှုပ်နေကြကြောင်း Jenks မြို့ ရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါ ကလေးငယ်များ၏ မိခင်သည် အိမ်တွင်မရှိဘဲ အလုပ်သွားနေခိုက် ဖခင်ဖြစ်သူက သားများကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မည်သည့်အတွက်ကြောင့် ထန် (Thang) က ယခုကဲ့သို့ ကျူးလွန်သွားသည် ဆိုသည်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly