နယ်သာလန်နိုင်ငံမှာ ဘာကြောင့် အကျဉ်းသားတွေ အရမ်းနည်းနေသလဲ

နယ်သာလန်နိုင်ငံမှာ ဘာကြောင့် အကျဉ်းသားတွေ အရမ်းနည်းနေသလဲ

ဒီဇင်ဘာ ၁၇။         ။ နယ်သာလန်နိုင်ငံ၏တရားရေးစနစ်သည် စိတ်ရောဂါဝေဒနာခံစားနေရသူများကို ပုံမှန်ကျန်းမာရေး အခြေအနေပြန်ရောက်အောင် လုပ်ဆောင်ပေးခြင်းဖြင့် အကျဉ်းကျသူဦးရေကို လျှော့ချခြင်းဖြစ်သည်။

စိတ်ဝေဒနာအခံရှိသည့် Stefan Koning ဆိုသူသည် လူစိမ်းတစ်ဦးကို ဓားဖြင့်ရန်မူခြိမ်းခြောက်ခဲ့သည့်အတွက် ကာလရှည်ကြာထောင်ကျနိုင်ဖွယ်ရှိသော်လည်း လက်တွေ့တွင်မူ ထောင်ထဲတွင် ခဏသာနေရပြီး အမ်စတာဒမ် ရှိ သူ၏နေအိမ်သို့ ပြန်ပို့လိုက်ကြသည်။  

“ကျွန်တော်တို့က ရည်ရွယ်ချက်နှစ်ခုနဲ့အလုပ်လုပ်နေတာပါ။ တစ်ခုက နောက်ဖြစ်လာမယ့် ရာဇဝတ်မှုကို ကာကွယ်ဖို့ပါ။ နောက်တစ်ခုကတော့ စိတ်ရောဂါဝေဒနာခံစားနေရမှုတွေနဲ့ အဲဒါနဲ့အတူပါလာတဲ့လူမှုရေး ပြဿနာ တွေကို တားဆီးပေးဖို့ပါ။ စိတ်ဓာတ်ကျရုံလေးနဲ့တော့ ကျွန်တော်တို့ မကုသပေးပါဘူး။ စိတ်ဝေဒနာခံစားနေရသူတွေ၊ အထီးကျန်စိတ်နဲ့ကြီးပြင်းလာသူတွေ၊ သင်ကြားရေးမှာအခက်အခဲရှိတဲ့သူ၊ တစ်ခါတလေ စိတ်ဖောက် ပြန်တဲ့သူ၊ ဆေးစွဲနေတဲ့သူတွေ၊ ငွေကြေးအခက်အခဲရှိသူနဲ့ အိမ်နဲ့အဆင်မပြေ တဲ့သူတွေဟာ တစ်ခါတရံ စိတ်သောကရောက်တတ်ကြပါတယ်။ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေကို ဘယ်သူကမှ လက်ခံ နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျူးလွန်သူတွေရဲ့ နောက်ကွယ်မှာ အရမ်းဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်တွေ ရှိနေပါတယ်၊ ဒါတွေကို ကုစားဖို့ဆိုရင် အချိန်တော်တော်ယူရမှာပါ” ဟု Koning ကို ကူညီပေးနေသည့် မှုခင်းဆိုင်ရာစိတ်ပညာကျွမ်းကျင်သူ Hommo Folkerts က ဆိုသည်။

ဗြိတိန်မှ ပြစ်မှုဗေဒပညာရှင် David Downes သည် အင်္ဂလန်၊ ဝေလနိုင်ငံတို့နှင့် နယ်သာလန်မှ အကျဉ်းထောင်စနစ်တို့ကို  ၁၉၈၈ ခုနှစ်က နှိုင်းယှဉ်ပြခဲ့သည်။ ယနေ့ခေတ်တွင် အကျဉ်းချနှုန်း ကျဆင်းမှုမှာ နယ်သာလန်နိုင်ငံ တွင်သာရှိနေပြီး နော်ဝေးနှင့် ဘယ်လ်ဂျီယံနိုင်ငံများကို အကျဉ်းခန်းများ ငှားပြီးသည့်တိုင် အကျဉ်းထောင်များတွင် ထောင်သားအပြည့်မရှိဟု ဆိုသည်။

၂၀၁၄ ခုနှစ်မှစ၍ အကျဉ်းထောင် ၂၃ ခုကို ပိတ်ပစ်ပြီး ယာယီခိုလှုံခွင့်စခန်း၊ အိမ်ရာနှင့်ဟိုတယ်များအဖြစ် ပြောင်းလဲခဲ့သည်။ နယ်သာလန်သည် ဥရောပတွင် ထောင်သွင်းအကျဉ်းချမှု တတိယအနည်းဆုံးနိုင်ငံ ဖြစ်ပြီး နေထိုင် သူဦးရေ ၁၀ ၀၀၀ တွင် ၅၄ ဒဿမ ၄ ယောက်နှုန်းသာရှိသည်။ တရားရေးရာ ဝန်ကြီးဌာနအောက်ရှိ သုတေသနနှင့်မှတ်တမ်းရေးရာစင်တာ (WODC) ၏ အဆိုအရ ထောင်ပြစ်ဒဏ် ချမှတ်မှုမှာ ၂၀၀၈ ခုနှစ်က ၄၂ ၀၀၀ ရှိရာမှ ၂၀၁၈ ခုနှစ်တွင် ၃၁ ၀၀၀ ထိ ကျဆင်းသွားပြီး ပြစ်မှုကျူးလွန်သည့်လူငယ်များအတွက် ထောင်သွင်းအကျဉ်းချသည့်ကာလကို သုံးပုံနှစ်ပုံခန့်အထိ လျှော့ချခဲ့သည်။  ၂၀၁၈ ခုနှစ်တွင် မှတ်တမ်းတင်ပြစ်မှုပေါင်း ၇၈၅ ၀၀၀ ခန့်ရှိပြီး ၄၀  ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ဟုဆိုသည်။  

“နယ်သာလန်အကျဉ်းစခန်းကလူတွေရဲ့ တစ်ဝက်လောက်က တစ်လလောက်ပဲ ထောင်ပြစ်ဒဏ်ကျ တယ်။ ၂၀၁၈ ခုနှစ်မှာဆိုရင် ထိန်းသိမ်းရေးစခန်းထဲရောက်သွားတဲ့ လူတစ်ဝက်နီးပါးလောက်က တကယ်တော့ အမှုစစ်ဖို့စောင့်နေကြရတာပါ။ ပြီးခဲ့တဲ့ ၁၃ နှစ်အတွင်း အကျဉ်းသားဦးရေ သိသိသာသာ လျော့သွားတာပါ။ အံ့ဩစရာပါပဲ။ အနောက်နိုင်ငံမှာတော့ ပြိုင်ဘက်ကင်းပါပဲ” ဟု လိုင်ဒန်တက္ကသိုလ်မှ ပြစ်မှုဗေဒပါမောက္ခ Miranda Boone က ဆိုသည်။

အမှုများသည် တရားရုံးမရောက်မီ သို့မဟုတ် တရားရုံးပြင်ပတွင် ဒဏ်ငွေကဲ့သို့သောပြစ်ဒဏ်များနှင့် တရားရုံးအမိန့်အရ ဖျန်ဖြေခြင်း စသည်တို့ကြောင့် ထောင်ပြစ်ဒဏ်များလျော့နည်းသွားကြောင်း ကျွမ်းကျင်သူများက ယူဆကြသည်။ သို့သော်လည်း ကယ်လီဖိုးနီးယားအခြေစိုက် TBS (Therapeutic Behavioral Services) ကဲ့သို့ စိတ်ဓာတ်ရေးရာပြန်လည်ထူထောင်ရေး အထူးအစီအစဉ်များလည်း ရှိသည်။

TBS သည် ဗြိတိန်နှင့် နယ်သာလန်ရှိ လုံခြုံရေးမြင့်မားသည့် ဆေးရုံများကဲ့သို့မဟုတ်ဘဲ သတ်မှတ်ချက်များရှိသည်။ ပြစ်မှူကျူးလွန်ထားသူသည် အနည်းဆုံး ၄ နှစ်ကျခံရမည့်သူဖြစ်ပြီး ပြစ်မှုထပ်မံကျူးလွန်နိုင် သည့်အလား အလာရှိသူဖြစ်ရမည်။ အကယ်၍ ထိုသို့လုပ်ဆောင်ရန် မဖြစ်နိုင်ပါက သို့မဟုတ် ပူးပေါင်းရန်ငြင်းဆန်ပါက နောက်ဆုံးတွင် ပုံမှန် လုံခြုံရေးမြင့်မားသည့် ဆေးရုံသို့ ပို့ဆောင်ပြီး အကန့်အသတ်မရှိ အကျဉ်းချထားမည်ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် TBS ၌ ထိန်းသိမ်းထားသူ ၁၃၀၀ ခန့်ရှိပြီး တချို့မှာ ထောင်ပြစ်ဒဏ်ကျခံပြီး ကုသရေးစင်တာတွင်နေကြကာ စိတ်ရောဂါကြောင့် ပြစ်မှုကျူးလွန်ဖွယ်ရှိသူများကို စိတ်ပိုင်းဆိုင်ရာများ ပြန်လည်ကုသပေးခြင်း ဖြစ်သည်။ ဆက်ပြီး ကုသ သင့်/မသင့်ကို အကဲဖြတ်သူများမှ ၂ နှစ်တစ်ကြိမ် ချင့်ချိန်ဆုံးဖြတ်ကြပြီး ပျမ်းမျှ ၂ နှစ် နေကြရသည်။

စိတ်ကစဉ့်ကလျားရောဂါကြောင့် ပြစ်မှုကျူးလွန်ခဲ့ဖူးသည့် အသက် ၃၀ အရွယ်ရှိ Bas de Vries ဆိုသူသည် အမ်စတာဒမ်ရှိ Inforsa Mental Health Clinic တွင် ကုသမှုခံရယူခဲ့သည်။ သူသည် TBS မှ လူများကဲ့သို့ ခွင့်ရက်များလည်းရသည်။ ယခု ၎င်း၏နေအိမ်သို့ပြန်ရောက်နေပြီး အလုပ်လည်း ရနေပြီဖြစ်သည်။ “ပြင်းထန်တဲ့ထောင်ပြစ်ဒဏ်တွေက  အစွန်းရောက်လွန်းပါတယ်ဗျာ၊ လူပေါ်မှာပဲ မူတည်တာပါ။ တချို့က ပြစ်ဒဏ်ကျခံဖို့ လိုတယ်၊ တချို့ကတော့ မလိုပါဘူး” ဟု Bas de Vries က ဆိုသည်။

 “ကျယ်ပြန့်တဲ့လူ့အဖွဲ့အစည်း ဒါမှမဟုတ် နယ်သာလန်မှာ အပြစ်ပေးဖို့လိုတဲ့လူတွေ၊ ပိုမိုပြင်းထန်တဲ့ အပြစ်ဒဏ်ပေးသင့်တဲ့လူတွေ တစ်ခါတရံရှိပါတယ်။ ဒါပေမယ့် အဲဒီလူတွေအတွက် အပြစ်ပေးတာ အထောက်အကူ မဖြစ် ပါဘူး။ သူတို့က ထောင်ကျမယ်၊ လွတ်မယ်၊ လအနည်းငယ်ကြာရင် နောက်ထပ်ရာဇဝတ်မှုတစ်ခု ကျူးလွန်ပြန်ပါတယ်” ဟု Inforsa စိတ်ကျန်းမာရေးဆေးရုံမှ စိတ်ရောဂါအထူးကုဆရာဝန် ဒါရိုက်တာ Melina Rakic က ပြောသည်။

WODC မှ စီနီယာသုတေသနပညာရှင် Gijs Weijters က နယ်သာလန်နိုင်ငံမှာ အပြစ်သားကို စောင့်ကြည့်ကာလတိုးပြီး ဆိုင်းငံ့ပြစ်ဒဏ်များ ပိုမိုများပြားလာသည်ဟု ဆိုသည်။ ထောင်သားအတော် များများက ထောင်ထဲမှာ ခဏလေးပဲနေရတယ်၊ ဒါကို ပြဿနာလို့မြင်နေကြတယ်၊ ထောင်ဆိုတာ ဘဝအတွက်မကောင်းဘူးဆိုတာ ကျွန်တော်တို့သိပါတဘ်၊ အလုပ်တွေ အိမ်တွေ ဆုံးရှုံးရမယ်လေ။ ပြစ်ဒဏ်ရက်လျှော့လိုက်တာကကော အကူအညီ ဖြစ်ရဲ့လားဆိုတာ စဉ်းစားစရာပဲ” ဟု ၎င်းကပြောသည်။

အကျဉ်းသားနည်းသွားရခြင်း၏ အခြားအကြောင်းရင်းများမှာ လူငယ်များ၏အရေအတွက်နှင့် လူငယ်များပြစ်မှုကျူးလွန်မှုနှုန်း သိသိသာသာနည်းသွားခြင်းကြောင့်ဖြစ်သည်။ ဖမ်းဆီးခံလူငယ်များ အတွက် ရှေ့နေရှာပေးရန် မှာ ရဲများ၏တာဝန်ဖြစ်နေခြင်းနှင့် မိမိတို့ပိုင်ဆိုင်မှုကို ပိုမိုကာကွယ်လာခြင်းတို့ ကလည်း ပြစ်မှုများကျဆင်းလာခြင်းဖြစ်သည်။ လူငယ်များသည် အများအားဖြင့် online ပေါ်တွင်သာ အချိန်ကုန်နေခြင်းကလည်း ပြစ်မှု လျော့ နည်းခြင်း၏ အကြောင်းပြချက်တစ်ခုပင်ဖြစ်သည်။ သို့သော် တချို့ရှုပ်ထွေးသည့်ကိစ္စရပ်များလည်းရှိသည်။ မူးယစ်ဆေးအမှုကဲ့သို့သော ပြစ်မှုများကို မှတ်ပုံတင်တိုင်တန်းမှု မရှိကြသည့်အတွက် ရဲအဖွဲ့အစည်းမှလည်း စိုးရိမ် မှုမြင့်တက်လျက်ရှိသည်။

နယ်သာလန်တွင် အကျဉ်းသားဦးရေကျဆင်းရခြင်းမှာ မှုခင်းစုံစမ်းဖော်ထုတ်မှုများပျက်ကွက်ခြင်း ကြောင့်လားဆိုသည်ကို တချို့ကျွမ်းကျင်ပညာရှင်များက သိချင်နေကြသည်။ ပြစ်မှုဗေဒပါမောက္ခ Miranda Boone က ၎င်း တို့အနေဖြင့် TBS အဖွဲ့အစည်း၏ ပံ့ပိုးပေးမှုဖြင့် ပြန်လည်ထူထောင်ရေးများကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ သို့သော် ဆိုးရွားသည့်ပြစ်မှုဆိုင်ရာအပြုအမူများကို တရားမစွဲဆို လျှင်တော့ ဂုဏ်ယူစရာအကြောင်းမရှိကြောင်း ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly