စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဆိုလျှင် တရားဝင်အကြောင်းကြားရန် SSPP က ဒေါက်တာစိုင်းမောက်ခမ်းထံ စာပို့

စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဆိုလျှင် တရားဝင်အကြောင်းကြားရန် SSPP က ဒေါက်တာစိုင်းမောက်ခမ်းထံ စာပို့

 အောက်တိုဘာလ ၂၃ ရက်၊ ချင်းမိုင်(မဇ္ဈိမ) ။             ။ နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းလမ်းဟောင်းများဖြင့် ဖြေရှင်းသွားမည်ဆိုလျှင် ရှမ်းပြည်တိုးတက်ရေး ပါတီ/ ရှမ်းပြည် တပ်မတော် (SSPP/SSA) သို့ တရားဝင်အကြောင်းကြားပေးရန် ညှိနှိုင်းတင်ပြစာ တစ်စောင်အား ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဥက္ကဌထံ SSPP က အကြောင်းကြားခဲ့သည်။

SSPP ကမူ နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်းသွားနိုင်ရန် ဆန္ဒရှိနေပြီး SSPP/SSA ဌာနချုပ်အနီးအထိ ထိုးစစ်ဆင်နေသော တပ်မတော်စစ်ကြောင်းများအား တားဆီးပေးပါရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) ဥက္ကဌ ဒေါက်တာစိုင်းမောက်ခမ်းထံသို့ အောက်တိုဘာ ၂၁ ရက်စွဲဖြင့် စာရေးသားခဲ့သည်။

“သူတို့ကြည့်ရတာ စစ်ရေးနဲ့ဖြေရှင်းမယ်ထင်တယ်။” ဟုSSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းလက မဇ္ဈိမကို ပြောသည်။ စာနှင့်ပတ်သက်၍လည်း UPWC ဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်းလည်း သိရသည်။

ရင်ဆိုင်တိုက်ပွဲ မရှိသော်လည်း အောက်တိုဘာလ ၂၃ ရက် နံနက် ၈ နာရီမှ ၁၂ နာရီခန့်ထိ SSPP ဝမ်ဟိုင်းဌာနချုပ်၏ တောင်ဘက် ၆ မိုင်ကျော် အကွာအဝေးရှိ နမ့်ပူးတောင်းကုန်းများသို့ ကျူမောက်ခေါင်တွင် ခြေကုတ်ယူထားသည့် အစိုးရ စစ်တပ်က လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း ၃၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

“ဒီနေ့က ကျနော်တို့ ဝမ်ဟိုင်းအနီး ခြေကုတ်ယူထားသည့် တပ်စခန်းကနေ ၈ နာရီမှာ မနေ့က တိုက်ပွဲဖြစ်တဲ့ တောင်ကုန်း တွေကို လက်နက်ကြီးနဲ့ အလုံး ၃၀ လောက် ပစ်ခတ်ခဲ့တယ်။” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

လက်ရှိ SSPP/SSA ဌာနချုပ်အနီးထိ ထိုးစစ်ဆင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ကိုယ်တိုင် ရှေ့တန်းရုံးထိုင်ပြီး ဦးစီးကွပ်ကဲသောကြောင့် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဟောင်းဖြင့် ဖြေရှင်းရန် ပြန်လည်ဦးတည်နေသည်ဟု မှတ်ယူကြောင်း ၎င်းတို့ပေးပို့သော စာတွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၆ ရက်မှစတင်၍ အစိုးရ တပ်မတော်ဘက်မှ ထိုးစစ်ဆင်တိုက်ခဲ့ခဲ့သဖြင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာမှ အောက်တိုဘာလ ၁၅ ရက်တွင်မူ SSPP/SSA က 'နှစ်ပေါင်းဆယ်ချီကြာ အခြေပြုလာသည့်' တာဆမ်းပူး ကူးတို့ဆိပ်ဂွင်နှင့် စိုးမိုးတောင်ကုန်းများမှ သဘောထားကြီးစွာ ဆုတ်ခွာပေးခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် ဒေသခံ စစ်ပြေးဒုက္ခသည် ၃၀၀၀ ကျော် ရှိလာသည့်ပြင် တပ်မတာ်ဘက်မှ စစ်ရှိန်ပိုမြှင့်လာသဖြင့် စစ်ပြေးဒုက္ခသည်များ ခိုလှုံနေသော ဝမ်ဆော့ဒုက္ခသည်စခန်းနှင့် ဟိုင်းပါဒုက္ခသည်စခန်းများလည်း ဆက်လက်ရှောင်တိမ်းရမည့် အခြေအနေတွင် ရှိနေသည်ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags