ဒေါ်လာ ၃၁ ဘီလီယံ ကျောက်စိမ်းလုပ်ငန်း ဗိုလ်ချုပ်မှူးကြီးဟောင်းနှင့် ဦးပိုင်၊ ခရိုနီများက ယူထားသည်ဟု တွေ့ရှိ

ဒေါ်လာ ၃၁ ဘီလီယံ ကျောက်စိမ်းလုပ်ငန်း ဗိုလ်ချုပ်မှူးကြီးဟောင်းနှင့် ဦးပိုင်၊ ခရိုနီများက ယူထားသည်ဟု တွေ့ရှိ
Photo Zaw Kham Hein-Mizzima

 အောက်တိုဘာ ၂၃ ။              ။ မြန်မာနိုင်ငံ ကျောက်စိမ်းလုပ်ငန်းတစ်ခုလုံး၏ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံခန့်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်းနှင့် ဦးပိုင်၊ ဗိုလ်ချုပ်ဟောင်းများ၊ ခရိုနီများသာ လုပ်ပိုင်ခွင့်ယူထားကြောင်း Global Witness အဖွဲ့၏ သုတေသန စစ်တမ်းတွင် ဖော်ပြသည်။

ယင်း ပမာဏမှာ အစိုးရ ကျန်းမာရေးအသုံးစရိတ်၏ ၄၆ ဆရှိပြီး၊ တစ်နိုင်ငံလုံး တရားဝင် အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၄၈ ရာခိုင်နှုန်းရှိသည်ဟု Global Witness အဖွဲ့မှ ရေနံ၊ သဘာ၀ ဓါတ်ငွေ့နှင့် သတ္တုတွင်း တာဝန်ခံ Ms. Juman Kubba က ဗိုလ်တထောင်မြို့နယ်၊ (၄၄) လမ်းရှိ မြန်မာဒိဌ ရုံးခန်း၌ 'ကျောက်စိမ်း၊ ကြီးမားသည့်နိုင်ငံတော်လျှို့ဝှက်ချက်' စစ်တမ်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

''တရုတ်နိုင်ငံရဲ့သွင်းကုန်အချက်အလက်အရ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းမှာ တရုတ်တစ်နိုင်ငံတည်း ၁၂ ဘီလီယံဒေါ်လာ တန်ဖိုးရှိပါတယ်။ ဒါကမြန်မာပြည်မှာ ကျောက်စိမ်းထုတ်လုပ်မှု ပမာဏရဲ့ သုံးပုံတစ်ပုံသာ ရှိပါတယ်။ အခြားဘဏ္ဍာဝင်ငွေတွေထက် ပိုများပြီး၊ ဒီလောက် ပမာဏများတဲ့ ငွေတွေ ဘယ်ရောက်သွားသလဲ ပြည်သူလူထုဆီ ရောက်သလား။'' ဟု သူမက မေးခွန်းထုတ်လိုက်ပါသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ မိသားစုပိုင်ကုမ္ပဏီက ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ် အရောင်းပြပွဲ နှစ်ခု ပေါင်းတွင် ဒေါ်လာ သန်း ၁၅၀ ဖိုး ရောင်းချခဲ့ပြီး၊ ၎င်းနှင့်ဆက်စပ်နေသော ကုမ္ပဏီများ၊ ကချင် ပြည်နယ်တိုင်းမှူးဟောင်း လက်ရှိ မွေး/ရေ ဝန်ကြီး ဦးအုန်းမြင့်၊ 'ဝ' သွေးစည်းညီညွတ်ရေး တပ်မတော်/ပါတီ (USWA/P) ကို ထောက်ပံ့နေသော ဝေဆူးခန်၊ Ever Winner ကုမ္ပဏီတို့သည် ၂၀၁၄ ခုနှစ် ကျောက်စိမ်းရောင်းချပွဲ တစ်ခုတည်းမှ အခွန်မဆောင်မီ ဒေါ်လာ ၄၃၀ သန်း ရောင်းချခဲ့ သည်ဟု စစ်တမ်းတွင် ဖော်ပြသည်။

တပ်မတော်ပိုင် ဦးပိုင်လိမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်တွင် ကျောက်စိမ်းတရားဝင် ဒေါ်လာ သန်း ၂၈၀ ရောင်းချခဲ့သည်။

ကိုးကန့်မူးယစ်ရာဇာ လော်စစ်ဟန် တည်ထောင်ခဲ့သော အေးရှားဝေါ လုပ်ငန်းစုနှင့် ဦးတေဇ၏ ထူးလုပ်ငန်းစု၊ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း ၁၂ ခုပါဝင်သည့် Ever Winner လုပ်ငန်းစုတို့က ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်တွင် ဒေါ်လာသန်း ၃၁၀ ကျော်ရောင်းချခဲ့သည်။

Ever Winner ကုမ္ပဏီသည် KBZ လုပ်ငန်းစုပိုင်ရှင် ဦးအောင်ကိုဝင်း၊ Skynet မီဒီယာလုပ်ငန်းပိုင်ရှင် ဦးကျော်ဝင်းနှင့် နိုင်ငံရေးသြဇာရှိသည့် လုပ်ငန်းရှင်သူဌေးကြီးများ ပါဝင်ပတ်သက်နေသည်ဟု Global Witness သုတေသနက ဖော်ပြသည်။

Global Witness ၏ အာရှဒါရိုက်တာ Mr. Mike Davis က မြန်မာနိုင်ငံငြိမ်းချမ်းရေးတွင် အကူအညီ ပေးနေသော အမေရိကန်၊ ဥရောပသမဂ္ဂ၊ ပြည်တွင်းအရပ်ဘက်လူ့အဖွဲအစည်းများက ကျောက်စိမ်း လုပ်ငန်း အကျင့်ပျက်ခြစားမှုများကို စတင်လေ့လာသင့်ကြောင်း၊ ပထမဆုံးအကြိမ်တင်သွင်းမည့် EITI အစီရင်ခံစာက အရေးပါပြီး လက်ရှိအစိုးရနှင့် နောက်တက်လာမည့် အစိုးရက မဖြစ်မနေ အဖြေပေး ရမည်ဟု အကြံပြုပြောဆိုခဲ့သည်။

''ကျောက်စိမ်းက KIA/KIO အတွက် အဓိကဝင်ငွေရရှိရာ အရင်းအမြစ်ဖြစ်ပြီး ကျောက်စိမ်းမှ ဝင်ငွေတွေကို ထိန်းချုပ်နိုင်ဖို့ တိုက်ပွဲဆင်နွှဲခြင်းဟာ နှစ်ဖက်စလုံးအတွက် မဟာဗျူဟာကျတဲ့ ဦးစားပေးမှုဖြစ်လာတယ်။'' ဟု Mr. Mike Davis က ပြောသည်။

Global Witness အဖွဲ့သည် အင်္ဂလန်နိုင်ငံအခြေစိုက် ပဋိပက္ခများ၊ အကျင့်ပျက်ခြစားမှုများနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးနေမှုများ၏ နောက်ကွယ်ရှိ စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွယ်နေမှုများ ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည့် အဖွဲ့အစည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly