ရတနာပုံ တိုက်စစ်မှူး ရှိုင်းသူရ ပုခုံးဒဏ်ရာကြောင့် တစ်ပတ်နားရမည်

ရတနာပုံ တိုက်စစ်မှူး ရှိုင်းသူရ ပုခုံးဒဏ်ရာကြောင့် တစ်ပတ်နားရမည်
ဇေယျာရွှေမြေနှင့်ပွဲတွင် ပခုံးဒဏ်ရာရခဲ့သည့် ရတနာပုံတိုက်စစ်မှူး ရှိုင်းသူရအား တွေ့ရစဉ် (ဓာတ်ပုံ- YDNB)

အောက်တိုဘာ ၂၃၊ ရန်ကုန်။           ။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၂၀ ပွဲစဉ်တစ်ပွဲဖြစ်သည့် ဇေယျာရွှေမြေအသင်းနှင့် ရတနာပုံအသင်းတို့ပွဲတွင် ဒဏ်ရာရရှိခဲ့သော ရတနာပုံ တိုက်စစ်မှူး ရှိုင်းသူရမှာ ပုခုံးဒဏ်ရာကြောင့် တစ်ပတ်အနားယူရမည်ဖြစ်သည်။

အဆိုပါပွဲတွင် ယင်းပွဲစဉ်တွင် ရှိုင်းသူရသည် ဇေယျာရွှေမြေနောက်တန်းကစားသမားနှင့် ဘောလုံးယှဉ်လုစဉ်၌ ဘယ်ဘက်ပခုံးထိခိုက်ဒဏ်ရာရကာ မုံရွာဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်။ ရတနာပုံတိုက်စစ်မှူး ရှိုင်းသူရသည် ဆီးဂိမ်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့သည့် ယူ-၂၃လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် လက်ရွေးစင်အသင်းကြီး၌လည်း ရွေးချယ်ခံထားရသည်။
 
"ကျွန်တော်တို့ဘောလုံးယှဉ်လုရင်း ပြုတ်ကျခဲ့တာပါ။ ချက်ခြင်း ဘယ်ဘက်ပခုံးက အရမ်းနာလာပြီး ဘယ်လိုမှဆက်ကစားလို့ မရတော့လို့ နည်းပြအဖွဲ့ဝင်တွေကို ပြောပြပြီး မုံရွာ   ဆေးရုံကိုဆေးကုသမှုရယူဖို့ သွားခဲ့ပါတယ်။  ဒဏ်ရာကကြီးကြီးမားမား မဖြစ်ခဲ့တာကို ပဲဝမ်းသာမိပါတယ်။ကျွန်တော်ကို ဖုန်းတွေဆက်ပြီး စိတ်ပူပေးခဲ့ကြတဲ့ ရတနာပုံ ပရိသတ်တွေကို အရမ်းကျေးဇူးတင်ပါတယ် " ဟု မြန်မာ့လက်ရွေးစင်နှင့် ရတနာပုံတိုက်စစ်မှူး ရှိုင်းသူရက သူ၏ဒဏ်ရာအနေအထားနှင့် ပတ်သက်၍ ပြောသည်။

ရတနာပုံအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂၀ ကစားပြီးဆုံးချိန်၌ ၁၂ ပွဲနိုင် လေးပွဲသရေ လေးပွဲရှုံး ရလဒ်ဖြင့် ရမှတ် ၄၀ ရရှိကာ အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။ ရတနာပုံအသင်းသည် ၂၀၁၅ ဘောလုံးရာသီ လက်ကျန်ပွဲစဉ် နှစ်ပွဲအဖြစ် ရခိုင်ယူနိုက်တက်အသင်း၊ မနောမြေ အသင်း တို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly