အီကွေဒေါမှာ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူးများ စစ်မှုထမ်းကာ သမိုင်းသစ် ရေးထိုး

အီကွေဒေါမှာ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူးများ စစ်မှုထမ်းကာ သမိုင်းသစ် ရေးထိုး

ဒီဇင်ဘာ ၁၄ ။       ။ မာရီယာချူဗာနှင့် ဂျက်မင်ပီရက်ဇ်တို့သည် အီကွေဒေါနိုင်ငံ၏ သမိုင်းသစ်တစ်ရပ်ကို ဒီဇင်ဘာ ၁၃ ရက်တွင် ရေးထိုးလိုက်နိုင်ပြီဖြစ်သည်။

၎င်း အမျိုးသမီးနှစ်ဦးသည် အီကွေဒေါနိုင်ငံ၏ လေတပ်၌ ပထမဆုံး အမျိုးသမီးတိုက်လေယာဉ်မှူးများအဖြစ် စစ်မှုထမ်းခြင်းပင် ဖြစ်သည်။

“စစ်တပ်အတွင်းမှာ အပြောင်းအလဲဖြစ်ဖို့ဆိုတာ ရှည်ကြာတယ်။ ဒါပေမယ့် ဒါဟာ ခြေလှမ်းတစ်ရပ်ပဲ၊ တံခါးသစ် ဖွင်လှစ်ခြင်းပဲ။ နောက်ပိုင်းတွေမှာ ကျွန်မအနေနဲ့ အမျိုးသမီး တိုက်လေယာဉ်မှူးတွေကို ပိုပြီး မြင်တွေ့ချင်တယ်။”ဟု အသက် ၂၆ နှစ်ရှိ ဗိုလ်ကြီး ချူ‌ဗာက မန်တာလေတပ်စခန်းက သင်တန်းဆင်းပွဲ မတိုင်မီ နာရီပိုင်းအလို၌ အီးပီအေသတင်းဌာနသို့ ပြောသည်။

ချူဗာနှင့် အသက် ၂၈ နှစ်ရှိ ဗိုလ်ကြီး ပီရက်ဇ်တို့အနေဖြင့် နိုင်ငံ၏ လေတပ်အကယ်ဒမီကျောင်းတွင် လေးနှစ်တာ စစ်ကျောာင်း တက်ရောက်ပြီးနောက် ယခုကဲ့သို့ အမျိုးသမီး တိုက်လေယာဉ်မှူးများအဖြစ် အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေးနှစ်အတွင်း ၎င်း အမျိုးသမီးနှစ်ဦးသည် အမျိုးသားခြောက်ဦးနှင့်အတူ စစ်သင်တန်းများကို အမှီလိုက်ခဲ့ခြင်းဖြစ်သည်။ နာရီပေါင်း ၁၂၀ စာတွေ့သင်တန်း၊ နာရီပေါင်း ၄၀ သဏ္ဍာန်တု ပျံသန်းခြင်း သင်တန်းနှင့် နာရီပေါင်း ၈၀ လေထဲ ပျံသန်းခြင်း သင်တန်းများကို အမျိုးသားများနှင့် ရင်ဘောင်တန်းပြီး အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့အနေနဲ့ မရေတွက်နိုင်တဲ့ စစ်မစ်ရှင်တွေအတွက် ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် ကျွန်မတို့နိုင်ငံဟာ ငြိမ်းချမ်းတဲ့ နိုင်ငံပါ။ ပြည်တွင်းလုံခြုံရေးကို ဆက်လက်ကာကွယ်နိုင်ရေးက ကျွန်မတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ပါပဲ။”ဟု ဗိုလ်ကြီး ချူဗာက ပြောခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required