နန်းတက်ပွဲ အစဉ်အလာ နောက်ဆုံးအခမ်းအနားအဖြစ် ထိုင်းဘုရင် မင်းမြတ်က မင်္ဂလာလှေတော် စီးနင်းလှည့်လည်

နန်းတက်ပွဲ အစဉ်အလာ နောက်ဆုံးအခမ်းအနားအဖြစ် ထိုင်းဘုရင် မင်းမြတ်က မင်္ဂလာလှေတော် စီးနင်းလှည့်လည်

ဒီဇင်ဘာ ၁၂။    ။ ထိုင်းဘုရင်မင်းမြတ် မဟာဝါဇီရလောင်ကွန်းသည် နန်းတက်ပွဲ အစဉ်အလာ၏ နောက်ဆုံး အခမ်းအနား ဖြစ်သော မင်္ဂလာလှေတော် စီးနင်းလှည့်လည်ခြင်းကို ဒီဇင်ဘာ ၁၂ ရက်တွင် ဆင်ယင်ကျင်းပခြင်းဖြင့် နန်းတက်အစဉ်အလာများ ပြီးမြောက်စေခဲ့သည်။

နိုင်ငံ၏ မြို့တော်ကို ဖြတ်လျက် စီးဆင်းနေသည့် ချောက်ဖယားမြစ်အတွင်း ဘုရင်မင်းမြတ် မင်္ဂလာလှေတော် စီးနင်းခြင်းကို မြစ်ကမ်းပါးတွင် ပြည်သူများက ကြည့်ရှုနေခဲ့ကြသည်။

နန်းတက်ပွဲ အခမ်းအနားများကို အောက်တိုဘာလတွင် ရပ်ဆိုင်းထားပြီးနောက် ယခုအခါ ဆင်ယင်ကျင်းပသော နောက်ဆုံး အခမ်းအနားဖြစ်သည့် လှေယာဉ်တော်  စီးနင်းခြင်းဖြင့် ဘုရင်ဝါဇီရလောင်ကွန်းသည် ဆယ်ဆက်မြောက် ရာမမင်းဆက်အဖြစ် နန်းတက်ပွဲ ပြီးမြောက်ပြီ ဖြစ်သည်။

နှစ်ပေါင်း ၇၀၀ အထိ တည်မြဲလာခဲ့သော နန်းတက်အစဉ်အလာဓလေ့၏ နောက်ဆုံးအခမ်းအနားဖြစ်သည့် လှေယာဉ်တော် စီးနင်းရာတွင် ထိုင်းဘုရင်မင်းမြတ်အား မိဖုရားခေါင်ကြီး စုသီတာနှင့် မင်းမျိုးမင်းနွယ်များက ခြံရံလိုက်ပါကြသည်။

ဘုရင်မင်းမြတ်၏ မင်္ဂလာလှေယာဉ်တော်ကို လှေသမ္မန်ပေါင်း ၅၂ စီး ခြံရံပြီး လှေလှော်ခတ်သူ ၂၃၉၉ ဦးဖြင့် ချောက်ဖယားမြစ်တစ်လျှောက် ၃ ဒသမ ၄ ကီလိုမီတာအထိ လှော်ခတ်စီးနင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ မင်္ဂလာလှေယာဉ်တော် စီးနင်းသည့် အခမ်းအနားသို့ ဝန်ကြီးချုပ်ဖြစ်ပြီး ယခင်စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာလည်း တက်ရောက်ခဲ့ပြီး ဘုရင်မင်းမြတ်အား အရိုအသေပေးခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly