ပီရူးတွင် ကိုကင်းတစ်တန်ကျော် သယ်ဆောင်လာသည့် ရေငုပ်သင်္ဘောဖမ်းမိ

ပီရူးတွင် ကိုကင်းတစ်တန်ကျော် သယ်ဆောင်လာသည့် ရေငုပ်သင်္ဘောဖမ်းမိ

လီမာ၊ ဒီဇင်ဘာ ၁၂။              ။ပီရူးတွင် ကိုကင်းများသယ်ဆောင်လာသည့် ရေငုပ်သင်္ဘောတစ်စင်းကို ပီရူးကင်းလှည့်ရေတပ်အဖွဲ့က ဒီဇင်ဘာ ၇ ရက်က ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အဆိုပါရေငုပ်သင်္ဘောတွင် ကိုလံဘီယာနိုင်ငံသားနှစ်ဦး၊ မက္ကဆီကိုနိုင်ငံသားတစ်ဦးနှင့် အီကွေဒေါနိုင်ငံသားတစ်ဦး စုစုပေါင်း လေးဦးလိုက်ပါလာပြီး မက္ကဆီကိုသို့ ဦးတည်သွားနေခြင်းဖြစ်ကြောင်း အမှုလိုက်အရာရှိရုံးက ပြောသည်။

“ကိုကင်းတွေက တစ်တန်ကျော်လောက်ရှိမယ်ဗျ၊ ပီရူးနိုင်ငံအနောက်မြောက်ပိုင်း တာလာရာဆိပ်ကမ်းမြို့ရဲ့ ၃၃၀ ကီလိုမီတာအကွာ ကမ်းလွန်ပင်လယ်မှာ ဖမ်းမိခဲ့တာပါ၊ ပီရူးနယ်စပ်အနီးက အီကွေဒေါနိုင်ငံရဲ့ စိမ့်မြေရှိတဲ့ လမုတောထဲမှာ ပစ္စည်းတွေကို တင်ခဲ့ကြတာပါ” ဟု အမှုလိုက်အရာရှိ ဂျော့ချာဗက်ဇ် က AFP ကိုပြောသည်။

ရေတပ်ကင်းလှည့်အဖွဲ့သည် ၂၀ မီတာရှည်လျားသည့် ရေငုပ်သင်္ဘောတွင် တရားမဝင်ပစ္စည်း ကီလိုဂရမ် ၂၀၀၀ ခန့် သယ်ဆောင်လာသည်ဟု သံသယရှိပြီး ဖမ်းဆီးခဲ့ရာ ကိုကင်းများဖြစ်နေကြောင်း တွေ့ရှိရခြင်းဖြစ်သည်။ အဆိုပါ ရေငုပ်သင်္ဘောကို လီမာမြို့မြောက်ပိုင်း ပါအီတာဆိပ်ကမ်းသို့ ကြိုးတပ်ဆွဲသွားပြီဖြစ်သည်။

“ပီရူးမှာ ပထမဆုံးဖမ်းမိတဲ့ ကိုကင်းတင် ရေငုပ်သင်္ဘောပါ၊ သင်္ဘောဆောက်ပုံနဲ့ပတ်သက်ပြီး နည်းပညာပိုင်း ဆိုင်ရာအစီရင်ခံစာကို ရေတပ်ဆီ တောင်းထားပါတယ်၊ ဖမ်းဆီးရမိသူတွေနဲ့ပစ္စည်းတွေကို လီမာမြို့ကို ပို့မှာပါ၊ ဒီပစ္စည်းတွေကို ဘယ်နိုင်ငံတကာအဖွဲ့အစည်းက ပိုင်တယ်ဆိုတာတော့ မသိရသေးပါဘူး” ဟု ဂျော့ချာဗက်ဇ် က ဆိုသည်။

မူးယစ်ကုန်သည်များသည် ၂၀၀၅ ခုနှစ်ကစပြီး တရားမဝင်ပစ္စည်းများသယ်ရန် ရေငုပ်သင်္ဘောများကို အသုံးပြုလာကြပြီး ၎င်းရေငုပ်သင်္ဘောများကို ကိုလံဘီယာ၊ အီကွေဒေါနှင့် ဂိုင်ယာနာနိုင်ငံတို့တွင် တည်ဆောက်ကြသည်ဟု ထင်ကြောင်း ကျွမ်းကျင်ပညာရှင်တစ်ဦးကဆိုသည်။

ပီရူးမူးယစ်တိုက်ဖျက်ရေးအေဂျင်စီ၏အဆိုအရ ပီရူးတွင် နှစ်စဉ် ကိုကင်း တန်ချိန် ၄၀၀ ကျော်ထုတ်လုပ်ပြီး အများစုကို ရေကြောင်းဖြင့်ပို့ဆောင်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly