ဆိုမာလီတွင် ဟိုတယ်တစ်ခုကို ဝင်ရောက်စီးနင်းထားသည့် ဂျီဟတ်အဖွဲ့ကို ပစ်ခတ်သုတ်သင်

ဆိုမာလီတွင် ဟိုတယ်တစ်ခုကို ဝင်ရောက်စီးနင်းထားသည့် ဂျီဟတ်အဖွဲ့ကို ပစ်ခတ်သုတ်သင်

ဒီဇင်ဘာ ၁၁ ။          ။ ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ ဟိုတယ်တစ်လုံးကို ဂျီဟတ်စစ်သွေးကြွများက ဝင်ရောက်စီးနင်းရာတွင် အရပ်သား သုံးဦးအပါအဝင် ငါးဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၁ ရက်တွင် ပြောသည်။

နိုင်ငံရေးသမားများ၊ စစ်အရာရှိများနှင့် သံတမန်များကြား ရေပန်းစားသည့် အဆိုပါ ဟိုတယ်ကို တစ်နာရီမက စီးနင်းထားသည့် ယင်း ဂျီဟတ်တိုက်ခိုက်ရေးသမား ငါးဦးစလုံးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“SYL ဟိုတယ် စီးနင်းခံရခြင်း ဖြစ်ပြီး ကျွန်တော်တို့၏ ရဲရင့်သော လုံခြုံရေးတပ်များက အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကို ချေမှုန်းပြီး လူပေါင်း ၈၀ ကျော်ကို ကယ်တင်နိုင်ကြောင်း။” ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက ဖြစ်ပွားသော ယင်းစီးနင်းမှုက ၎င်းတို့လက်ချက်ဖြစ်ကြောင်း အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ဖြစ်သည့် အယ်လ်ရှာဘတ်အဖွဲ့ အတည်ပြုထုတ်ပြန်သည်။

တိုက်ခိုက်မှု ကျူးလွန်သူများသည် ဟိုတယ်အတွင်း အစစ်အဆေး အမေးအမြန်း မရှိ ဝင်နိုင်အောင် ရဲယူနီဖောင်းများ ဝတ်လာကြခြင်းဖြစ်ကြောင်း မျက်မြင်အချို့က အေအက်ဖ်ပီသတင်းဌာနအား ပြောသည်။

“တိုက်ခိုက်မှု၌ ငါးဦး သေဆုံးခဲ့ပြီး အရပ်သား ကိုးဦးနှင့် စစ်သားနှစ်ဦးတို့ ဒဏ်ရာရခဲ့ကြောင်း။” ရဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly