အတိုးနှုန်း မပြောင်းလဲကြောင်း အမေရိကန် ဗဟိုဘဏ် ဆုံးဖြတ်

အတိုးနှုန်း မပြောင်းလဲကြောင်း အမေရိကန် ဗဟိုဘဏ် ဆုံးဖြတ်

ဒီဇင်ဘာ ၁၂ ။          ။ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းအား ၁ ဒသမ ၅ မှ ၁ ဒသမ ၇၅ ကြားတွင်ပင် မပြောင်းလဲဘဲ ထားရှိရန် ဒီဇင်ဘာ ၁၁ ရက်၌ ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ယခုနှစ်အတွင်း အစောပိုင်း အစည်းအဝေး သုံးခု၌ ဆက်တိုက်အတိုးနှုန်း လျှော့ချထားခဲ့ပြီးနောက် ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်က နှစ်ရက်တာအစည်းအဝေးအပြီး အတိုးနှုန်း မပြောင်းလဲရန် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။

အမေရိကန်၏ စီးပွားရေးကောင်းမွန်စေရေးအတွက် အတိုးနှုန်းကို မပြောင်းလဲရန် မူဝါဒများ ချမှတ်ရာ ဗဟိုဘဏ်အဖွင့်ဈေးကွက်ကော်မတီ FOMC က တညီတညွတ်တည်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“လက်ရှိ ငွေကြေးမူဝါဒသည် စီးပွားရေး လုပ်ကိုင်ဆောင်ရွက်မှုများအတွက် အားပေးမြှင့်တင်ခြင်း၊ ခိုင်မာသော အလုပ်သမားဈေးကွက် အခြေအနေနှင့် ဗဟိုဘဏ်က ရည်မှန်းထားသော နှစ်ရာခိုင်နှုန်း ငွေကြေးဖောင်းပွမှု နှုန်းထားနားတွင် ရှိနေသည့် အခြေအနေများနှင့် သင့်တော်မှုရှိသော မူဝါဒပင်ဖြစ်သည်။”ဟု FOMC အဖွဲ့ဝင်များက ပြောကြသည်။

နိုင်ငံ၏ စီးပွားရေးသည် အားကောင်းသော စားသုံးသူ အသုံးစရိတ်၏ တွန်းအားကြောင့် အတော်လေး ဖွံ့ဖြိုးလျက် ရှိသည်ဟု FOMC က ပြောသော်လည်း စီးပွားရေးရင်းနှီးမြုပ်နှံမှုများနှင့် ပို့ကုန်ပိုင်းတွင် အားနည်းမှုများ ရှိနေသည်ဟု ဖြည့်စွက်ဆိုသည်။

ထိုပြင် အမေရိကန်ဗဟိုဘဏ်သည် နိုင်ငံ၏ ၂၀၂၀ အတွက် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို ၂ ဒသမ ၂ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျှော့ချခန့်မှန်းခဲ့သကဲ့သို့ ယခုနှစ်တွင် အလုပ်လက်မဲ့နှုန်းထားသည် ၃ ဒသမ ၆ ရာခိုင်နှုန်းတွင် ဆက်လက်ရှိနေနိုင်ပြီး လာမည့်နှစ်၌ ၃ ဒသမ ၅ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly