ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်(၄)ဦးအား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ထောင်ဒဏ် ၆လ ထပ်မံချမှတ်

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်(၄)ဦးအား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ထောင်ဒဏ် ၆လ ထပ်မံချမှတ်

ဒီဇင်ဘာ ၁၁ ။        ။ တပ်မတော်ဘက်မှ တရားလိုပြုလုပ်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် လေးဦးကို မရမ်းကုန်မြို့နယ် တရားရုံးက ထောင်ဒဏ် ၆လ ထပ်မံချမှတ်လိုက်သည်။

ဒေါင်းတို့မျိုးဆက်သံချက်အဖွဲ့ဝင် လေးဦးဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေနှင့် မဆုရတနာမြင့်တို့ကို ဒီဇင်ဘာလ ၁၁ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်လိုက်ခြင်းြဖစ်သည်။

အယုံအကြည်မရှိတဲ့အတွက် တရားစီရင်မှုကို သပိတ်မှောက်မယ်။ နောက်ထက်တရားစွဲဆိုမှုတွေကိုလည်း မရင်ဆိုင်တော့ဘူးလို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များက မရမ်းကုန်းမြို့နယ် တရားရုံးတွင် အမိန့်ချအပြီး ပြောဆိုသည်။

လက်ရှိတွင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို မရမ်းကုန်းမြို့နယ် တရားရုံးမှ ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၁နှစ်၊ ဗိုလ်တထောင်မြို့နယ်တရားရုံးမှ ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၁နှစ်ချမှတ်ပြီးဖြစ်ကာ ဆက်သွယ်ရေး ဥပဒေဖြင့် ထောင်ဒဏ် ၆လ ထပ်မံချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို ဧရာဝတီတိုင်းဒေသကြီး မအူပင်၊ ဒေးဒရဲ၊ ဖျာပုံနှင့် ပုသိမ်မြို့နယ်များတွင်လည်း ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားပြီး ရုံးထုတ်စစ်ဆေးခြင်း မရှိသေးကြောင်း သိရသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သည် ၂၀၁၉ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း သံချပ်ထိုး ဖျော်ဖြေရာတွင် သံချပ်စာသားများအနေဖြင့် တပ်မတော်ကို သွေးကွဲအောင်၊ အကြည်ညိုပျက်အောင် စပ်ဆိုထားသည့် စာသားများပါဝင်သည့်အတွက် တပ်မတော်ကတရားလိုပြုလုပ်ပြီး တရားစွဲဆိုထားခြင်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly