ပျောက်ဆုံး ချီလီလေတပ်မှ လေယာဉ်ကို ဂျက်တိုက်လေယာဉ်များနှင့် သင်္ဘောများဖြင့် ရှာဖွေနေ

ပျောက်ဆုံး ချီလီလေတပ်မှ လေယာဉ်ကို ဂျက်တိုက်လေယာဉ်များနှင့် သင်္ဘောများဖြင့် ရှာဖွေနေ

ဒီဇင်ဘာ ၁၁။               ။ လူပေါင်း ၃၈ ဦး တင်ဆောင်ပျံသန်းသွားပြီး ပျောက်ဆုံးလျက် ရှိသည့် ချီလီလေတပ်မှ လေယာဉ်ကို တောင်အမေရိကန် တောင်ပိုင်းစွန်းမှ အန္တာတိကကြား ပင်လယ်ပြင်တါင် ကယ်ဆယ်ရေး ဂျက် တိုက်လေယာဉ်များနှင့် သင်္ဘောများဖြင့် ဒီဇင်ဘာ ၁၀ ရက်တွင် ရှာဖွေမှုများ လုပ်ဆောင်သည်။

စီ-၁၃၀ ဟာကျူရီ ကုန်တင်လေယာဉ်သည် တောင်ပိုင်း ပန်တာအာရီနက်စ်မြို့မှ ဒီဇင်ဘာ ၁၀ ရက် ညနေ ၄ နာရီ ၅၅ မိနစ်တွင် ချီလီ၊ အန္တာတိကအခြေစိုက်စခန်းသို့ ဦးတည်ပျံသန်းသွားရာမှာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

ညနေ ၆ နာရီ ၁၃ မိနစ်တွင် ယင်းလေယာဉ်နှင့် ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ကြောင်း ချီလီလေတပ်က ပြောသည်။ လေယာဉ်တွင် နာရီအတော်ကြာ ပျံသန်းနိုင်သည့် လောင်စာဆီလည်း လုံလုံလောက်လောက် ဖြည့်တင်းပျံသန်းသွားခြင်းဖြစ်သည်ဟု ယင်းက ထပ်လောင်းပြောသည်။

သို့သော် ဆက်သွယ်မှု ပြတ်တောက်ပြီး ခုနစ်နာရီအကြာတွင် တာဝန်ရှိသူများက ယင်းလေယာဉ် ပျက်ကျခြင်း ဖြစ်သည်ဟု ကြေညာချက် ထုတ်ခဲ့သည်။

လေယာဉ်မှူးသည် သမုဒ္ဒရာအတွင်း အရေးပေါ်ဆင်းသက်ခဲ့ရခြင်း ဖြစ်နိုင်သည်ဟု ပန်တာအာရီနက်စ်က အမှတ်လေး တပ်ရင်းမှူး အီဒွါဒိုမော့ကွဲရားက အစောပိုင်း၌ ပြောခဲ့သည်။

“ပြည်တွင်းနဲ့ ပြည်ပ လေကြောင်းနဲ့ ရေကြောင်းကနေ အသက်ရှင်သန်နိုင်သူတွေကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။”ဟု လေတပ်က ထုတ်ပြန်သည်။

ဥရုဂွေး၊ အာဂျင်တီးနားနှင့် ချီလီနိုင်ငံတို့မှ လေယာဉ်များနှင့် သင်္ဘောများ ပူးပေါင်းလျက် အဆိုပါ ပျောက်ဆုံးလေယာဉ်အား ရှာဖွေလျက် ရှိခြင်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly