နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ ရုံးရှေ့မှာ ပွဲစားတွေကို တရာဝင် ခန့်ထားတာလား

နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ ရုံးရှေ့မှာ ပွဲစားတွေကို တရာဝင် ခန့်ထားတာလား

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်မှာနေတဲ့ ဒေါ်လှိုင်နွယ်နွယ်က မဇ္ဈိမ စာဖတ်သူကဏ္ဍကို မေးလ်နဲ့ စာတစ်စောင်ပေးလို့ ပို့လာပါတယ်။ စာထဲမှာ ရေးထားတာကတော့ ဌာန ဆိုင်ရာ ရုံးတွေမှာဝန်ထမ်းမဟုတ်တဲ့ ပြင်ပမှ အရပ်သားတွေကဝန်ဆောင်မှုလုပ်ငန်း လုပ်နေတာကို တာဝန်ရှိသူ လူကြီးမင်းများ သိရက်နဲ့ မသိချင်ယောင် ဆောင်နေတာ၊ မြင်ရက်နဲ့ မမြင်ချင်ယောင်ဆောင်နေတာကို ဘယ်လိုမှ မထိန်းနိုင်တော့လို့ ရေးလိုက်တဲ့စားဖြစ်လို့ ဖော်ပြပေးစေချင်ပါတယ်လို့ ရေးပါတယ်။

ဝန်ထမ်းတစ်ဦးဖြစ်တဲ့ သူဟာ သူနေထိုင်ရာ အိမ်ရာကနေ ဈေးကွေ့မှတ်တိုင်ကို လိုင်းကားစီးဖို့ သွားရင်း ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းတပ်ဖွဲ့ရဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ ရုံးကို ဖြတ်သွားပြီးမှ ကားမှတ်တိုင်ကို ရောက်ပါတယ်။ သွားတဲ့အချိန် မနက် ၈ နာရီ ကျော်လောက်ကတည်းက နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ ရုံးရှေ့က စက်မှု ၁ လမ်းမကြီးရဲ့ ပလက်ဖောင်းနှစ်ဖက် စလုံးမှာ ပွဲဈေးတန်းလိုမျိုး ဈေးသည်တွေနဲ့ ထိုင်နေ၊ ရပ်နေကြသူတွေနဲ့ စည်ကားနေ ပါပြီ။ ကုက္ကိုင်း ခုံးကျော်တံတား ပြုလုပ်နေတဲ့အတွက် ကမ္ဘာအေး ဘုရားလမ်းအတိုင်းလာတဲ့ ကားတွေကို အသွား အပြန် စက်မှု ၁ လမ်းနဲ့ ဆရာစံလမ်းကတဆင့် လွှဲပြီး ဝင်ရောက်ဖို့ လမ်းကြောင်း ပြောင်း ထား ပါတယ်။ ဒါကြောင့် စက်မှု ၁ လမ်းမကြီးမှာ ကားတွေ အဆက်မပြတ် သွားနေကြတဲ့အတွက် လမ်းသွား လမ်းလာတွေဟာ ကားတွေ မတိုက်မိအောင်နဲ့ ဈေးသည်နဲ့ ရပ်စောင့်နေတဲ့ လူတွေကို မခိုက်မိအောင် မနည်း သတိထားပြီး သွားလာနေကြရတယ်လို့ ဆိုပါတယ်။

အဆိုးဆုံးကတော့ လမ်းဘေး ပလက်ဖောင်းမှာ ဖြတ်လာတဲ့သူတိုင်းကို စာအုပ်လုပ်မလား၊ ထုတ်မလားဆိုပြီ၊ ဈေးရောင်းသလို၊ ပွဲဈေးလုပ်သလို လူခေါ်နေကြတဲ့ သူတွေပါပဲလို့ ပြောပါတယ်။ သူသိသလောက်တော့ နိုင်ငံကူးလက်မှတ် လုပ်ဖို့အတွက် စာရွက်စာတမ်း အချက်အလက် ပြည့်စုံရင် ကိုယ့်ဖာသာ ကိုယ်လုပ်လို့ ရပါတယ်။ အရင်တုန်းကလို အကြာကြီး မစောင်ရဘဲ ရက် ၂၀ အတွင်းမှာ ထုတ်ပေးနေတာကို သူလည်း နိုင်ငံကူူးလက်မှတ် လုပ်ဖူးလို့ သိပါတယ်လို့ ရေးပါတယ်။ အခုတော့ မြင်နေရ၊ ကြားနေရတာက မသိနားမလည်တဲ့သူတွေကို ငွေလိမ်ယူနေသလို ပါပဲလို့ ဆိုပါတယ်။ ရုံးထဲမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ လုပ်ဆောင်ရမယ့် ဆောင်ရွက်ချက် အဆင့်ဆင့်ကိုလည်း မြင်သာအောင် ချိတ်ဆွဲထားရက်နဲ့ သူတို့ ပွဲစားလုပ်နေတာက လူလူချင်း အညွန့်ခူးစားရာ ကျတယ်လို့ ပြောပါတယ်။ ဒီ ရဲတပ်ဖွဲ့ရုံးရှိတဲ့ မျက်နှာစာမှာ စည်းကမ်းမဲ့ အပြုအမူတွေ လုပ်ဆောင်နေကြတာက ဥပဒေ ချိုးဖောက်ရာ ရောက်တယ်ဆိုတာကို မေ့ထားကြသလို ဖြစ်နေပါတယ်။ ဒီအတိုင်းသာ လက်ပိုက် ကြည့်နေကြရင် မြန်မာနိုင်ငံဟာ ဘယ်စနစ်နဲ့ပဲဖြစ်ဖြစ် အလုပ်ကို လက်ကြောတင်းအောင် မလုပ်ဘဲ အချောင်နေ၊ အချောင်စားချင်တဲ့ သူတွေ တစ်နေ့ထက်တစ်နေ့ ပိုများလာမှာ အသေအချာ ပဲလို့ ရေးပါတယ်။

ဒီလို အပြုအမူတွေနဲ့ လုပ်စားနေသူတွေဟာ နိုင်ငံကူးလက်မှတ် ပေးတဲ့ဌာနမှာတင် မဟုတ်ပါ ဘူး။ က.ည.န မှာ သွားရင်လည်း တွေ့ရှိသလို အာမခံမှာ သွားရင်လည်း ဒီလိုပါပဲ။ ပြည်သူတွေအနေနဲ့ သတ်မှတ်တဲ့ အခွန်အခ ပေးဆောင်ရတာအပြင် နောက်ထပ် ဝန်ထမ်းမဟုတ်တဲ့ ပွဲစားတွေကို ပေးနေ ရတာက မဖြစ်သင့်ပါဘူးလို့ ဆိုပါတယ်။ ဒီလို ပြည်သူနဲ့ ဝန်ထမ်းကြားမှာ ဘာမှ လုပ်ပေးနိုင်တာ မဟုတ်ပဲနဲ့ ချိတ်ဆက်ပြောရုံနဲ့ ငွေလွယ်လွယ်ရနေတဲ့ အရသာကို သိနေတဲ့ အချောင်သမားတွေ ဘယ်ရုံးဌာနမှာမဆို မတွေ့ရအောင် မရှိရအောင် တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ထိရောက်စွာ အရေးယူပြီး ပြည်သူတွေကိုယ်တိုင် လုပ်ရတဲ့ နည်းစနစ်တွေ ပြောင်းလဲလုပ်ဆောင်ပေးစေချင်လို့ တာယန်ရှိသူများ သိအောင် ရေးတဲ့စာပါလို့ ဆိုလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags