၂၀၁၇ ဆီးဂိမ်းအတွက် လက်ရွေးစင်အားကစားအဖွဲ့များ နို၀င်ဘာလတွင် စတင်လေ့ကျင့်မည်

၂၀၁၇ ဆီးဂိမ်းအတွက် လက်ရွေးစင်အားကစားအဖွဲ့များ နို၀င်ဘာလတွင် စတင်လေ့ကျင့်မည်
မလေးရှားဆီးဂီမ်းအတွက် ပြင်ဆင်နေသော ကရာတေးဒိုအဖွဲ့။ (ဓာတ်ပုံ- သောကြာ)

အောက်တိုဘာ ၂၂၊ ရန်ကုန်။           ။ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၂၀၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည်ဖြစ်ပြီး မလေးရှားဆီးဂိမ်းသို့ ဝင်ပြိုင်မည့် လက်ရွေးစင်အားကစားအဖွဲ့များမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် စတင်လေ့ ကျင့်မည်ဖြစ်သည်။

၂၀၁၇ ခုနှစ် မလေးရှားဆီးဂိမ်းပြိုင်ပွဲ၌ အိမ်ရှင်မလေးရှားနိုင်ငံမှ အားကစားနည်း ၃၉ နည်း ထည့်သွင်းရန်လျာထားသည်။  မြန်မာ့လက် ရွေးစင် အားကစားအဖွဲ့များသည် ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပြီးဆုံးကတည်းက လက်ရှိအချိန်ထိ လေ့ကျင့်မှုများရပ်နားထားသည်။

သို့သော် နိုင်ငံတကာအားကစားပြိုင်ပွဲများ ဝင်ပြိုင်ရန် ရှိနေသော  မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအားကစားအဖွဲ့နှင့် စက်ဘီးအားကစားအဖွဲ့တို့မှာ ပြီးခဲ့သည့် ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁ ရက် ၊ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် လေ့ကျင့်နေသည်။ ကျန်ရှိနေသော လက်ရွေးစင်အားကစား အဖွဲ့များမှာ လာမည့် နိုဝင်ဘာလတွင် ပြန်လည်စခန်းဝင် လေ့ကျင့်မည်ဖြစ်သည်။ '

ဆီးဂိမ်းအတွက် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်တွေကို အကြောင်းကြားတဲ့နေရာမှာ ၂၉ နည်းက စခန်းဝင်မယ်ဆိုပြီး အကြောင်းပြန်တယ်။ ကစားနည်း ၂၉ နည်းထဲမှာ ၁၄ နည်းက   နေပြည်တော်မှာ လေ့ကျင့်မယ်။ ၁၅ နည်းက ရန်ကုန်မှာပဲ လေ့ကျင့်ချင်တယ်လို့ အကြောင်းပြန် တယ်။

အားကစားသမားတွေအတွက် လေ့ကျင့်ရေးစခန်းကို ပြင်ဆင်ခြင်းပြီးသွားပြီ။ ကစားသမားတွေ နေ၊ ထိုင်၊ စားသောက် သွားလာရေးအားလုံး စီစဉ်ထားပြီးပြီ။ နေပြည်တော်မှာ လေ့ကျင့်မယ့် အားကစား အဖွဲ့ ၁၄ ဖွဲ့ အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာ ပထမပတ်အပြီး ၈ ရက်နောက်ပိုင်းမှာ စခန်းဝင်ဖို့ သတင်းပြန်ကြား ထားပြီးပါပြီ'ဟု အားကစားဝန်ကြီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်က မဇ္ဈိမသို့ ပြောသည်။

၂၀၁၇ ခုနှစ် မလေးရှားဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာ နိုင်ငံမှ ဝင်ပြိုင်ရန် လျာထားသော ကစားနည်း ၂၉ နည်းအနက် ကစားနည်း ၁၄ နည်းမှာ နေပြည်တော်၊ အားကစားလေ့ကျင့် ရေးစခန်းတွင်   လေ့ကျင့်မည်ဖြစ်ပြီး ကျန်သည့်ကစားနည်း ၁၅ နည်းမှာ ရန်ကုန်တွင် လေ့ကျင့်မည်ဖြစ်သည်။

နေပြည်တော် တွင် လေ့ကျင့်မည့် ကစားနည်း ၁၄ နည်းမှာ ပြေးခုန်ပစ်၊ မြားပစ်၊ ပိုက်ကျော်ခြင်း၊ စက်ဘီး၊ ဂျူဒို၊ အလေးမ၊ ပီတန်း၊ တိုက်ကွမ်ဒို၊ ဘိလိယက်/စနူကာ၊ စားပွဲတင်တင်းနစ်၊ ဓါးခုတ်၊ သုံးမျိုးစုံ၊ စစ်တုရင်၊ ရိုးရာခြင်းလုံးတို့ဖြစ်သည်။ ရန်ကုန်၌ လေ့ကျင့်မည့် ကစားနည်း ၁၅ နည်းမှာ ဘိုလင်း၊ ဘတ်စကက်ဘော၊ ကရာတေးဒို၊ ဟော်ကီ၊ သေနတ်ပစ်၊ ဘောလုံး။ ရွက်လှေ၊ ရေကူး/ဒိုင်ဗင်၊ တင်းနစ်၊ ကြက်တောင်၊ ဘော်လီဘော၊ Squash ၊ ကနူးကယက်၊ အပြည်ပြည်ဆိုင်ရာလှေ၊ ရိုးရာလှေတို့ဖြစ်ကြသည်။

သို့သော် ကနူးကယက်၊ အပြည်ပြည်ဆိုင်ရာလှေ၊ ရိုးရာလှေကစားနည်းများကိုမူ အိမ်ရှင်မလေးရှား နိုင်ငံက လက်ရှိအချိန်အထိ ထည့်သွင်းကျင်းပမည့် ကစားနည်းစာရင်း၌ ထည့်သွင်းထားခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly