အီရန်၏ ဒုံးကျည်စမ်းသပ်မှု အမေရိကန်နှင့် မဟာမိတ်များက ကုလသမဂ္ဂကို အရေးယူရန် တောင်းဆို

အီရန်၏ ဒုံးကျည်စမ်းသပ်မှု အမေရိကန်နှင့် မဟာမိတ်များက ကုလသမဂ္ဂကို အရေးယူရန် တောင်းဆို

ကုလသမဂ္ဂ၊ အောက်တိုဘာ-၂၂ ။           ။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့က တီဟီရန်၏ ဒုံးကျည်စမ်းသပ်မှုမှာ ကုလသမဂ္ဂ၏ တားမြစ်ပိတ်ပင်ချက်ကို ချိုးဖောက်သည်ဟုဆိုက အရေးယူပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အီရန် ဒဏ်ခတ်ပိတ်ဆို့မှုကော်မတီသို့ တောင်းဆိုလိုက်သည်။

ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုအကြောင်း အသေးစိတ်ရေးသားထားသည့် စာထဲတွင် ပဲ့ထိန်းဒုံးကျည်မှာ ပကတိအားဖြင့် နျူကလီးယားထိဖူးကို တပ်ဆင်ပစ်ခတ်နိုင်သည်ဟု ပြောကြားထားသည်။

အမေရိကန်ပြည်ထောင်စုက အဖွဲ့ဝင်၁၅ဦးပါ လုံခြုံရေးကောင်စီတွင် ပြဿနာကို တင်ပြလာပြီးနောက်တွင် စာကို ကော်မတီသို့ ပေးပို့ခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

‘ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ချိုးဖောက်တဲ့အတွက် တုန့်ပြန်တဲ့အနေနဲ့ ကော်မတီက တာဝန်ရှိသလို စစ်ဆေးအရေးယူဖို့ ဒီအချက်အက်တွေက အထောက်အကူပြုနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်’’ဟု စာတွင် ရေးသားထားသည်။

အတိအကျ ထိန်းကျောင်းပစ်ခတ်နိုင်သည့် ပဲ့ထိန်းဒုံးကျည်သစ်တစ်စင်းကို စမ်းသပ်နေကြောင်း အီရန်က ယခုလအစောပိုင်းက ကြေညာခဲ့သည်။

အကယ်၍ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုမှာ ကုလ၏ ပိတ်ပင်မှုကို ချိုးဖောက်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါက ဒဏ်ခတ်ပိတ်ဆို့ရေးကော်မတီအနေဖြင့် နောက်ထပ်အီရန်နိုင်ငံသားများကို နာမည်ပျက်စာရင်းသွင်းခြင်းများ ပြုုလုပ်လာနိုင်သည်ဟုလည်း သံတမန်များက ပြောကြားခဲ့သည်။ သို့ရာတွင် အီရန်၏ ဒုံးကျည်အစီအစဉ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆန့်ကျင်နေခဲ့သည့် ရုရှနှင့် တရုတ်တို့ကမူ ယင်းကဲ့သို့သော လှုပ်ရှားမှုများကို ပိတ်ဆို့လာနိုင်ဖွယ်ရှိသည်။

‘အနာဂတ်ချိုးဖောက်မှုတွေကို လုံခြုံရေးကောင်စီက ထိထိရောက်ရောက် တုန့်ပြန်ဖို့ အမေရိကန်ပြည်ထောင်စုက ဆက်လက်ဖိအားပေးသွားမှာပါ။ ကုလရဲ့ အရေးယူမှုတွေ ပြည့်ဝခိုင်မာစွာ သက်ရောက်လွှမ်းမိုးစေဖို့ဟာ အရေးကြီးမြဲ ကြီးနေဦးမှာပါ’’ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆမန်သာ ပါဝါက အောက်တိုဘာ ၂၁ရက်နေ့က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

အီရန်ကမူ ဒုံးကျည်မှာ နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်စွမ်းရှိသည်ဟူသော အနောက်အုပ်စု၏ အကဲဖြတ်ချက်ကို ငြင်းဆန်ခဲ့သည်။

‘အီရန် အစ္စလာမ်သမ္မတနိုင်ငံရဲ့ ဘယ်ဒုံးကျည်ကိုမှ နျူကလီးယားထိပ်ဖူးတပ်ဖို့ ဒီဇိုင်းထုတ်ထားတာမဟုတ်ပါဘူး’’ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟမ်မတ် ဂျာဗတ် ဇာရစ်က ပြောကြားခဲ့သည်။

၂၀၁၀ခုနှစ် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အရ အီရန်၏ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများကို ပိတ်ပင်တားမြစ်ထားပြီး ထိုပိတ်ပင်ချက်မှာ အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆နိုင်ငံကြား နျူကလီးယား သဘောတူညီချက်ကို အကောင်အထည်မဖော်မီအထိ သက်ရောက်မှု ရှိနေဦးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly