လူမျိုးစုပဋိပက္ခကို ဘယ်လိုဖြေရှင်းကြလဲ

လူမျိုးစုပဋိပက္ခကို ဘယ်လိုဖြေရှင်းကြလဲ
ဓာတ်ပုံ- အီးပီအေ

နိုင်ငံတနိုင်ငံတွင် လူနည်းစုနှင့် လူများစုကြားတန်းတူညီမျှ အခွင့်အရေးမရရှိသည့်အခါ သဘောထားကွဲလွဲမှုများ ကနေတဆင့် ပဋိပက္ခများ ဖြစ်လာကြသည်။ ထိုသဘောထားကွဲလွဲမှုများကို တချို့နိုင်ငံများက ကြီးထွားခွင့်မပြုဘဲအမြန်ဆုံးဖြေရှင်းလေ့ ရှိကြသလိုတချို့ နိုင်ငံများတွင်မူ မဖြေရှင်းနိုင်ပဲ ဖြစ်ကာလက်နက် ကိုင် ပဋိပက္ခများအထိပါ ကျယ်ပြန့်သွားခဲ့ကြရသည်။

လူနည်းစုနှင့် လူများစုကြားတန်းတူညီမျှမှု အခြေအနေအပေါ် သဘောထားကွဲလွဲခဲ့ကြပြီးလက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားသည့်အထိပေါ်ပေါက်ခဲ့သော နိုင်ငံများတွင် မြန်မာနိုင်ငံလည်းအပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်းကနေ ယနေ့ချိန်ထိ လူနည်းစု အခွင့်အရေးနှင့် လူများစုအကြား သဘောထား ကွဲလွဲလျက်ရှိနေသလို လက်နက်ကိုင် ပဋိပက္ခများလည်း ဖြစ်ပွားနေသည်။

အဆိုပါ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအပြင် လူနည်းစုအခွင့်အရေးများနှင့် လူများစုအခွင့်အရေး တန်းတူညီမျှရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ခြင်းဖြစ် ဖြေရှင်းသင့်ကြောင်း ဆုံမှတ်တခုအဖြစ် အများစုကလက်ခံ၍ ဆောင်ရွက်နေကြသည်။


ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုအစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ လက်နက်ကိုင်အဖွဲ့များ၊ တက်သိပညာရှင်များ၊ နိုင်ငံရေးသမားများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဥပဒေပညာရှင်များ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများစသည့် အလွှာအသီးသီးကလူပုဂ္ဂိုလ်များပါဝင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံအစည်းအဝေးမှာဆွေးနွေး အဖြေရှာနေကြသည်။

သို့သော် ယနေ့ချိန်ထိဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအခြေခံမူများပင် မရရှိသေးပေ။

အနောက်အုပ်စုနှင့် ဥရောပကလူနည်းစုအခွင့်အရေးကိုဘယ်လိုဖြေရှင်းကြလဲ

အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများသည် လူနည်းစုနှင့် လူများစုကြားတန်းမတူညီခြင်းမှ ဖြစ်ပေါ်လာသော ပဋိပက္ခများ ဖြေရှင်းရာတွင် အချက်(၃)ချက်ကို အဓိကထားဖြေရှင်းလေ့ရှိကြောင်း ကင်းဘရစ်ချ်တက္ကသိုလ်က ၂၀၀၄ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည့် လူမျိုးရေး၊ အမျိုးသားရေးနှင့် လူနည်းစုအခွင့်အရေးဆိုသော စာတမ်းအား ကိုသူရိန်မျိုးမြင့်က ကိုးကား၍ နိုင်ငံရေးသိပ္ပံကျမ်းမှာ ရေးသား ဖော်ပြထားသည်။

ထိုအချက် သုံးချက်မှာ (၁) နယ်မြေကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခြင်း၊ (၂)လူနည်းစု၏ ဘာသာစကားကို သက်ဆိုင်ရာဒေသတွင်း တရားဝင် ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ခြင်း၊ (၃) မူလတန်းကနေတက္ကသိုလ် အဆင့်အထိမိမိတို့ ဘာသာစကားနှင့် သင်ကြားပေးနိုင်ရန်အတွက် ပညာရေးကိုထိန်းချုပ်ခွင့်များပေးခြင်းစသည့် အချက်များ ဖြစ်သည်။

ကနေဒါနိုင်ငံသည် ကွီဘက်ပြည်နယ်ကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်ခြင်းဖြင့်လူနည်းစု ပြင်သစ်လူမျိုးများဖြစ် သဟဇာတဖြစ်ရေးနှင့် ခွဲထွက်ရေးတောင်းဆိုမှုကိုဖြေရှင်းခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင်လည်း ပွာတိုရီကိုအားကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးအပ်ထားသကဲ့သို့ စပိန်နိုင်ငံမှာလည်း ကတ်တလန်သားများ၏ ကတ်တလိုနီးယားပြည်နယ် ခွဲထွက်ရေးတောင်းဆိုမှုအားကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးအပ်ခြင်းဖြင့် ဖြေရှင်းထားသည်။

ထို့နောက် အီတလီနိုင်ငံကို ကြည့်ပါကလည်းတောင်ပိုင်းတိုင်ရိုဒေသရှိ သြစတြေးလျ လူနည်းစုများကိုကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးထားသလို ဖင်လန်တွင်လည်း အလန်ကျွန်းစုက ဆွီဒင်လူနည်းစုများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးအပ်ထားသည်။

ထို့ကြောင့် အထက်ပါ နိုင်ငံများသည် လူနည်းစုနှင့် လူများစုကြားက ပဋိပက္ခကိုဖြေရှင်းရာအတွက် အဓိကကျ သောအချက်(၃)အနက် ပထမဆုံးအချက်ထဲမှာ ပါဝင်ဆောင်ရွက်ထားကြကြောင်း တွေ့ရသည်။

ဒုတိယအချက်ထဲတွင် ပါဝင်နေသော နိုင်ငံများကမူ ဖင်လန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ ပါဝင်ကြသည်။

အဘယ်ကြောင့်ဆိုသော် ဖင်လန်နိုင်ငံသည် ဆွီဒင်စကားပြော ၂၈၅၀၀၀ သာရှိသည့် လူနည်းစုများအတွက် ဆွီဒင်ဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ် အသိအမှတ်ပြု ပေးထားပြီး ဆွစ်ဇာလန်နိုင်ငံမှာတော့ ဂျာမန်၊ အီတလီ၊ ပြင်သစ်၊ ရိုမန်စသည့် ဘာသာစကားများကို ရုံးသုံး ဘာသာစကားအဖြစ် အသိအမှတ် ပြုပေးထားသည်။

ကနေဒါနိုင်ငံတွင်လည်း ပြင်သစ်စကားပြောလူနည်းစုများအတွက် ပြင်သစ် ဘာသာစကားကိုရုံးသုံးအဖြစ် အသိအမှတ်ပြုထားပြီးအိန္ဒိယနိုင်ငံတွင်မူဟိန္ဒူနှင့် အင်္ဂလိပ်စကားကိုဗဟိုကရုံးသုံးအဖြစ် အသိအမှတ်ပြုထားသလို ဒေသတွင်းရှိ လူနည်းစုများအတွက်လည်း သက်ဆိုင်ရာ ဘာသာစကား ၁၂ မျိုးကို ရုံးသုံးဘာသာစကားအဖြစ် အသိအမှတ်ပြုထားကြောင်းသိရသည်။

လူနည်းစုသမိုင်းနှင့် နိုင်ငံအတွက် အကျိုးပြုမှုကို ထည့်သွင်းခြင်း

လူနည်းစုပဋိပက္ခကိုဖြေရှင်းရာတွင် အထက်ပါ အချက် (၃)ချက်ကအဓိက အခြေခံလိုအပ်ချက် ဆိုသော်လည်း နိုင်ငံတစ်နိုင်ငံတွင် လူမျိုးပေါင်းစုံစုစည်းနေထိုင်ပါက ယဉ်ကျေးမှုပေါင်းစုံဝါဒ ပေါ်လစီကိုချမှတ်၍ လူနည်းစုများ၏ သမိုင်းနှင့် နိုင်ငံအတွက် အကျိုးပြုခဲ့ပုံများကို ပညာရေးသင်ရိုးမှာ ထည့်သွင်းဖော်ပြခြင်းဖြစ်လျက် ဖြေရှင်းသင့်သည်။

ကနေဒါနိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့တွင် ယဉ်ကျေးမှုပေါင်းစုံဝါဒပေါ်လစီကို ချမှတ်ပြီး လူနည်းစုများ၏ သမိုင်းနှင့် နိုင်ငံအတွက် အကျိုးပြုခဲ့ပုံများကို ပညာရေးသင်ရိုးမှာ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် အယူအဆကိုတချို့ က လက်မခံကြ

လူနည်းစုပဋိပက္ခကိုဖြေရှင်းရာတွင် နယ်မြေကိုယ်အုပ်အုပ်ချုပ်ခွင့်ပေးသင့်သည်ဟုတချို့က ယူဆမှုရှိကြသလို တချို့ကလည်း ထိုအယူအဆကို လက်မခံကြပေ။

နယ်မြေကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အယူအဆကို ပြင်သစ်နိုင်ငံနှင့် ဂရိနိုင်ငံတို့က လက်မခံကြသလို ဂျော်ဂျီယာ နိုင်ငံသည်လည်း အက်ခါးဇီးယားလူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတောင်းဆိုမှုအား လက်မခံပဲပယ်ဖျက်ထားသည်။

ထို့ပြင် အဇာဘိုင်ဂျန်နိုင်ငံသည် နာဂိုမို-ကရာဘက်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်ကနေ ပယ်ဖျက် ထားသလို အသိအမှတ်လည်းမပြုပေ။

တချို့က ယခုမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိလာမည်ကိုလက်မခံကြ

တချို့သော နိုင်ငံများသည် ယခုမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိလာမည်ကိုလက်မခံကြပေ။ အက်စတိုးနီးယားနိုင်ငံသည် ရုရှားအများစုရှိသည့် နာဗာနယ်ကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် ငြင်းဆန်လျက်ရှိသလိုကာဇက်စတန်နိုင်ငံသည်လည်းမြောက်ပိုင်းရှိလူနည်းစုရုရှားများကိုကိုယ်ပိုင်အုပ်ချုပ်ခွင့် မပေးလိုကြပေ။

ဤသို့ အခြေအနေမျိုးရှိနေစဉ်မှာပင် တချို့သော နိုင်ငံများက ကိုယ်ပိုင်အုပ်ချုပ်ခွင့် မပေးရလေအောင် ဒေသနယ်နိမိတ်များကို ပြန်လည်ရေးဆွဲ၍ တားဆီးလေ့ရှိသလိုတခြားဒေသမှ လူမျိုးများကို လူများစုရှိနေသော ဒေသတွင်းသို့ ရွေ့ပြောင်းအခြေချနိုင်ရေးကူညီပေးခြင်းဖြင့် ဟန့်တားလေ့ရှိသည်။

ဆလိုဗေးကီးယားတွင် လူနည်းစုဟန်ဂေရီများ ဒေသတခုတည်းမှာ လူများစုမဖြစ်လာအောင် နယ်နိမိတ်ပြန်ဆွဲ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုလာမည့် အခြေအနေကိုကျော်လွှားထားသကဲ့သို့ ခရိုအေးရှားနိုင်ငံကလည်း ဆာဘီးယားလူနည်းစုများတခြားလူမျိုးစုများနှင့် ရောသွားရေးအတွက် ကရန်ဂျီးနားနှင့် အနောက် ဆလိုဗေးနီးယားနယ်နိမိတ်များကို ပြန်ဆွဲပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုလာမည့် အခြေအနေကို ကြိုတင် စီမံ၍ ကျော်လွှားထားသည်။

မြန်မာနိုင်ငံမှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအသစ် မပေါ်ပေါက်လာရေးအတွက် ဟန့်တားမှု မရှိသော်လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာဏာအပြည့်ပေးရန်နှင့် ခွဲထွက်ရေးတောင်းဆိုမှု မပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းကောင်း၊ ဒေသတခုတည်းအတွင်း လူမျိုးပေါင်းစုံရောနှောနေထိုင်နိုင်ရေး ဖော်ဆောင်ထားခြင်းဖြင့် လည်းကောင်းစသည့် အခြေအနေများဖြင့် စီမံထားသည်ကိုတွေ့ရသည်။

ဥပမာ- ကချင်ပြည်နယ်အ တွင်းနေထိုင်လျက်ရှိသောလူမျိုးစုအခြေအနေ၊ ရှမ်းပြည်နယ်အတွင်း နေထိုင်သော လူမျိုးစုအခြေအနေ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း နေထိုင်သော လူမျိုးစုအခြေအနေ၊ ချင်းပြည်နယ်အတွင်း နေထိုင်သော လူမျိုးစုအခြေအနေ(ပလက်ဝဒေသကိုယှဉ်ကြည့်)စသည့် အခြေအနေများကို အသေးစိတ် လေ့လာကြည့်ပါက တွေ့နိုင်ပါသည်။

အဆိုပါ အခြေအနေကိုလက်တွေ့ သာဓကအနေဖြင့် အိန္ဒိယနိုင်ငံကိုလေ့လာနိုင်ပါသည်။

အိန္ဒိယနိုင်ငံဗဟိုအစိုးရကကက်ရှ်မီးယားပြည်နယ်၏ လုပ်ပိုင်ခွင့်ရှိသောပုဒ်မ ၃၇၀ ကိုပယ်ဖျက်လိုက်ခြင်းဖြစ် အကောင်အထည်ဖော်နေကြောင်းတွေ့နိုင်ပါသည်။

ကတ်ရှ်မီးယားပြည်နယ်သည် ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ၍ အုပ်ချုပ်နေသော ပြည်နယ်ဖြစ်ပြီးကိုယ်ပိုင်အလံနှင့် ကိုယ်ပိုင်စည်းမျဉ်းဥပဒေများကို ရေးဆွဲခွင့် ရရှိထားသည်။ အလားတူဂျမူးနှင့် ကက်ရှ်မီးယား ပြည်နယ်မှာအမြဲတမ်းနေထိုင်ခွင့်၊ အိမ်မြေပိုင်ဆိုင်ခွင့်၊ အခြေခံလူ့အခွင့်အရေးများနှင့်ပတ်သက်သော စည်းမျဉ်းများအားကိုယ်တိုင် ရေးဆွဲခွင့်ရှိသည်။

ထိုဥပဒေအရဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်၏ အပြင်ဘက်ကအိန္ဒိယနိုင်ငံသားများထိုဒေသမှာအိမ်မြေဝယ်ယူခွင့်နှင့် လာရောက်နေထိုင်ခွင့်မရှိပေ။

သို့သော် ယခုအိန္ဒိယအစိုးရကပုဒ်မ ၃၇၀ ကိုပယ်ဖျက်လိုက်ပြီး ဖြစ်သည့်အတွက် ကက်ရှ်မီးယားပြည်နယ် အတွင်းရှိလူများစုမူစလင်များကိုလူနည်းစု ဖြစ်သွားရန် ကက်ရှ်မီးယားပြည်နယ် အပြင်ဘက်က အိန္ဒိယနိုင်ငံသားများကို အိမ်မြေဝယ်ယူနိုင်ရေးနှင့် နေထိုင်နိုင်ရေးဗဟိုအစိုးရက ဆောင်ရွက်ပေးကာခွဲထွက်ရေး တောင်းဆိုမှုများကို ကျော်လွှားရန် ကြိုးပမ်းလာနိုင်သည်။

အတိတ်ကကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်ပေးရန် တောင်းဆိုခြင်းအားလက်မခံကြ

တချို့ နိုင်ငံများသည် အတိတ်ကာလကရရှိခဲ့သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြန်ပေးရန် တောင်းဆိုလာမှုများကို လက်မခံလိုကြပေ။ထို့ကြောင့် ပြန်လည် မပေးအပ်ရရေးအတွက် ပယ်ဖျက်ရန် ကြိုးပမ်းလာကြသည်။

၁၉၆၈ ခုနှစ်က ဖျက်သိမ်းခံခဲ့ရသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်ပေးရန် ထရန်ဆိုင်ဗေးနီးယားက တောင်းဆိုနေခြင်းအပေါ် ရိုးမေးနီးယားက လက်မခံကြောင်း ဆိုထားသည်။

မြန်မာနို်င်ငံတွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအခန်း(၁၀)အရခွဲထွက်ခွင့် ရှိကြောင်းရှမ်းနှင့် ကရင်နီကို ပေးအပ်ထားသည်။

သို့သော် ထိုအချက်ကို တောင်းဆိုရန် မဆိုနှင့် ထိုပြဋ္ဌာန်းချက်အပေါ် ဆွေးနွေး ငြင်းခုံလာမည်ကိုပင် စိုးရိမ်မှုများရှိနေသကဲ့သို့ အတိတ်ကာလအခွင့်အရေးကိုထောက်၍ နိုင်ငံရေးလိုလားချက်များ တောင်းဆိုမည်ကို စိုးရိမ်သည့်အတွက် ခွဲမထွက်ပါဟု ကတိပြုပေးရန် တောင်းဆိုလျက်ရှိနေသည်။

အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် ၁၉၄၇ ခုနှစ်ကတည်းကကက်ရှ်မီးယားပြည်နယ် ပိုင်ဆိုင်ရေးအငြင်းပွားလာနေသည်မှာ ယနေ့ထိတိုင်ဖြစ်သည်။

ထို့ကြောင့် အိန္ဒိယနိုင်ငံသည် ကက်ရှ်မီးယားပြည်နယ်ကို အထူးအခွင့်အရေးအနေဖြင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခွင့်ပြုထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးအပ်ထားရသည်။

သို့သော် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၆ ရက်ကကက်ရှ်မီးယားပြည်နယ်ကို ပေးအပ်ထားသော အခွင့်အရေးကို ရုပ်သိမ်းရန်အတွက် ပုဒ်မ ၃၇၀ နှင့် ပုဒ်မ ၃၅(က)ပါ အခွင့်အရေးများကို ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့သည်။

ထို့ကြောင့် ကက်ရှ်မီးယားပြည်နယ်သည် အတိတ်ကာလက ရရှိခဲ့သောကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အိန္ဒိယနိုင်ငံအတွင်းရှိ မည်သည့် ပြည်နယ်မှ မရရှိခဲ့သော ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲအုပ်ချုပ်နေသော အခွင့်အရေးများ ဆုံးရှုံးရတော့မည်ဖြစ်သည်။

တရုတ်နိုင်ငံသည်လည်း ဟောင်ကောင်ကျွန်းကို ၁၉၉၇ ခုနှစ်က ဗြိတိသျှအစိုးရထံက လွဲပြောင်းရယူခဲ့စဉ်က ပေးအပ်ခဲ့သော လွတ်လပ်ခွင့်ကို ယခုအခါ မပေးလိုတော့ပဲ ဗဟိုချုပ်ကိုင်မှုများ တိုးမြှင့်နိုင်ရေးအတွက် ကြိုးပမ်းလာနေသည့်အတွက် အဓိကရုဏ်းများ ဖြစ်ပေါ်နေသည်။

အမျိုးသားလုံခြုံရေးကို ကြည့်ပြီးလူနည်းစုအခွင့်အရေးကိုမပေးရဲ

လူနည်းစုနှင့် လူများစုကြားကတန်းတူညီမျှရေးကွာဟချက်ကြောင့် ဖြစ်ပေါ်လာသောပဋိပက္ခကိုဖြေရှင်းကြလိုသော်လည်းတချို ့သော နိုင်ငံများသည် လူနည်းစုအခွင့်အရေးကိုအမျိုးသားလုံခြုံရေးရှုထောင့်မှ ကြည့်သည့်အခါ မပေးရဲတော့ဘဲ ဖြစ်သွားတတ်ကြသည်။

အမျိုးသားလုံခြုံရေးရှုထောင့်အရ ကြည့်ပြီးလူနည်းစုအခွင့်အရေးကိုမပေးရဲဘဲဖြစ်နေသော နိုင်ငံအများစုမှာအရှေ ့တိုင်းနိုင်ငံများကအများစုဖြစ်သည်။

တနည်းအားဖြစ်ဆိုလျှင် ကိုလိုနီအုပ်ချုပ်မှုအောက်မှ လွတ်မြောက်ပြီးအချုပ်အခြာအာဏာပိုင် နိုင်ငံများအဖြစ် ရပ်တည်လာသော နိုင်ငံများကအမျိုးသားလုံခြုံရေးရှုထောင့်ကနေ လူနည်းစုအခွင့်အရေးကို ဖြေရှင်းလေ့ရှိကြသည်။

အဘယ်ကြောင့်ဆိုသော် ကိုလိုနီစနစ်သည် သွေးခွဲအုပ်ချုပ်ခဲ့ခြင်းကြောင့် လွတ်လပ်ရေးရယူပြီးအချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ရပ်တည်သည့်အခါ လူနည်းစုနှင့် လူများစုကြားတန်းတူညီမျှရေးနှင့်ပတ်သက်ပြီး ငြင်းခုံလာကြသလိုလက်နက်ကိုင် ပဋိပက္ခများအထိပါ ဖြစ်ပေါ်လာတတ်ခြင်းကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံသည်လည်း လူနည်းစု ပြဿနာကို ဖြေရှင်းရာမှာ အမျိုးသားလုံခြုံရေးရှုထောင့်က ကြည့်၍ ဖြေရှင်းနေခြင်းကြောင့် ယနေ့တိုင် မအောင်မြင်ပဲ ဖြစ်နေသလို တယောက်နှင့်တယောက်၊ တဖွဲ့နှင့် တဖွဲ့၊ လူမျိုးတမျိုးနှင့် တမျိုးကြားသံသယများ ကြီးထွားခဲ့ကြရသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည်လည်းလူနည်းစုအခွင့်အရေးကိုအမျိုးသားလုံခြုံရေးရှုထောင့်က ကြည့်ပြီးဖြေရှင်းလေ့ရှိကာအခွင့်အရေးကိုမပေးရဲဘဲ ဖြစ်နေကြောင်းရှင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကဝီဂါလူနည်းစုအရေးဖြေရှင်းနေပုံများနှင့် ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကလွတ်လပ်ခွင့် အခွင့်အရေးကိုဖြေရှင်းနေမှုများကသက်သေပြနေသည်။

တချို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမှု- မိမိနိုင်ငံတည်ငြိမ်ရေးထိခိုက်ဟုမြင်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုခြင်းကိုတချို့နိုင်ငံများက လက်ခံကြသလို၊ တချို့နိုင်ငံများက လက်မခံကြပေ။ တချို့နိုင်ငံများက အမျိုးသားလုံခြုံရေးရှုထောင့်အရ မပေးလိုကြသလို တချို့နိုင်ငံများက အိမ်နီးချင်းနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမှုက မိမိနိုင်ငံတည်ငြိမ်ရေးကို ထိလိုက်လာနိုင်ဟု ယူဆကြသည်။

ဂရိနိုင်ငံသည် ယူဂိုဆလားဗီးယားကနေ ခွဲထွက်ပြီး မိမိနိုင်ငံနယ်နိမိတ်အနီး မက်ဆီဒိုးနီးယားနိုင်ငံအဖြစ် နိုင်ငံတနိုင်ငံပေါ်ပေါက်လာခြင်းအပေါ် အသိအမှတ်ပြုရေးထက် မိမိနိုင်ငံ၏ တည်ရှိမှုကို ခြိမ်းခြောက်လာသည်ဟု မှတ်ယူလေသည်။

အဘယ်ကြောင့်ဆိုသော ဂရိနိုင်ငံသည် နိုင်ငံတနိုင်ငံပေါ်ပေါက်လာခြင်းကို ကန့်ကွက် လိုခြင်းမဟုတ်ပဲ မက်ဆီဒိုးနီးယားဆိုသည့် အမည်နာမ်ကြောင့် ဂရိနိုင်ငံ၏ တည်ငြိမ်မှုကို ခြိမ်းခြောက်လာနိုင်ကြောင်း အမျိုးသားလုံခြုံရေးရှုထောင့်ကနေ ကြည့်ကာစိုးရိမ်နေခြင်း ဖြစ်သည်။

အလားတူ မက်ဆီဒိုးနီးယားနိုင်ငံသည်လည်း လူနည်းစုအယ်ဘေးနီးယန်းများက ၎င်းတို့၏ ကိုယ်ပိုင်ဘာသာစကားနှင့် သင်ကြားမည့် တက္ကသိုလ်တည်ထောင်ခြင်းသည် နိုင်ငံတော်၏ တည်ရှိမှုကို ခြိမ်းခြောက်သည်ဟု သတ်မှတ်ကာ တီတိုဗိုရှိတက္ကသိုလ်အား ဖြိုချခဲ့သည်။

ထိုအခြေအနေများသည် အမျိုးသားလုံခြုံရေး ရှုထောင့်ကနေကြည့်ပြီး လူနည်းစုအခွင့်အရေးကို ဖြေရှင်းနေသည့် နိုင်ငံများနှင့် တရားမျှတမှု ရှုထောင့်အရ ကြည့်၍ လူနည်းစုအခွင့်အရေးကို ဖြေရှင်းနေသော နိုင်ငံများကြားက ကွာခြားနေမှုများ ဖြစ်သည်။

အမျိုးသားလုံခြုံရေးရှုထောင့်အရ ကြည့်၍ လူနည်းစုအခွင့်အရေးကို မပေးရဲဘဲ ဖြစ်နေသော နိုင်ငံများသည် လူနည်းစု၏ အခွင့်အရေးများ တိုးပွားလာခြင်းက လူများစုအတွက် ခြိမ်းခြောက်မှုပဲဟု မှတ်ယူထားခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

တချို့က လူနည်းစုအခွင့်အရေးကိုတရားမျှတမှု ရှုထောင့်က ကြည့်ပြီးလက်ခံကြ

အနောက်တိုင်းနိုင်ငံများနှင့် ဥရောပနိုင်ငံအများစုသည် လူနည်းစုအခွင့်အရေးကို အမျိုးသားလုံခြုံရေရှုထောင့်မှ ကြည့်၍ ဖြေရှင်းမှု မလုပ်ဘဲလွတ်လပ်မှု၊ တန်းတူညီမျှမှု၊ သွေးစည်းညီညွတ်မှု အယူအဆကို အခြေခံပြီး တရားမျှတမှု ရှုထောင့်ကနေ ကြည့်ကာလူနည်းစုအခွင့်အရေးကို လက်ခံကြသလိုပေးအပ်၍ ဖြေရှင်းလျက် ရှိကြသည်။

ကနေဒါနိုင်ငံသည် ကွီဘက်ပြည်နယ်သားများ၏ ခွဲထွက်ရေးတောင်းဆိုမှုကို လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ သွေးစည်းညီညွတ်မှု အယူအဆကို အခြေခံပြီးတရားမျှတမှု ရှုထောင့်ကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခြင်းဖြင့် ဖြေရှင်းခဲ့ခြင်းကြောင့် ခွဲထွက်ရေးတောင်းဆိုမှု အဆုံးသတ်သွားခဲ့သလို ကွီဘက်ပြည်နယ်အတွင်းရှိ လူနည်းစု ပြင်သစ်လူမျိုးများနှင့် တခြားသောလူမျိုးများကြား သဟဇာတရှိရှိ နေထိုင်လျက်ရှိကြသည်။

အလားတူ ဗြိတိန်နိုင်ငံကစကော့တလန်၊ အမေရိကန်နိုင်ငံကပွာတိုရီကို၊ စပိန်နိုင်ငံကကတ်တလန် စသည့် ခွဲထွက်ရေး လှုပ်ရှားမှုများအပေါ် သက်ဆိုင်ရာ နိုင်ငံများက လက်ခံကာ တရားမျှတမှု ရှုထောင့်ကနေ ဖြေရှင်းခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းနိုင်ရေးနှင့် လူမျိုးစုများကြား တန်းတူအခွင့်အရေး မရရှိမှု အငြင်းပွားမှုများကို ဖြေရှင်းရာတွင် တန်းတူညီမျှမှု၊ သွေးစည်းညီညွတ်မှု အယူအဆကို အခြေခံပြီး တရားမျှတမှု ရှုထောင့်မှကြည့်ကာ လူနည်းစုအခွင့်အရေးကို အကာအကွယ်ပေးခြင်းဖြင့် ဖြေရှင်းရန် လိုအပ် ပါသည်။

သို့မဟုတ်ပါ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး ကြိုးပမ်းနေမှုများ သည် ဖြေရှင်းရန် ခက်ခဲနေအုံးမည်သာ ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

Mizzima Weekly