ကမ္ဘာနှင့်အဝန်း အိုင်အက်စ်တို့၏ တိုက်ခိုက်မှုမှာ လွန်ခဲ့သည့်သုံးလအတွင်း အကြီးအကျယ် ခုန်တက်မြင့်မားလာ

ကမ္ဘာနှင့်အဝန်း အိုင်အက်စ်တို့၏ တိုက်ခိုက်မှုမှာ လွန်ခဲ့သည့်သုံးလအတွင်း အကြီးအကျယ် ခုန်တက်မြင့်မားလာ

လန်ဒန်၊အောက်တိုဘာ -၂၂ ။           ။ လွန်ခဲ့သည့်သုံးလအတွင်း ကမ္ဘာနှင့်အဝန်းတွင် တိုက်ခိုက်မှုပေါင်း ၁,၀၀၀ကျော် ပြုလုပ်ခဲ့ပြီး လူ ၃၀၀၀နီးပါး သေဆုံးခဲ့ရသောကြောင့် အိုင်အက်စ်အုပ်စု၏ အကြမ်းဖက်မှုမှာ အကြီးအကျယ် မြင့်တက်လာခဲ့သည်ဟု ဝေဖန်သရုပ်ခွဲသည့်အုပ်စု HIS Jane’s က အောက်တိုဘာ ၂၂ရက်နေ့တွင် ပြောကြားခဲ့သည်။

ကိန်းဂဏန်းများအရ ဂျီဟတ်အုပ်စု၏ နေ့စဉ်တိုက်ခိုက်မှုများမှာ ၄၂ရာခိုင်နှုန်းအထိ ခုန်တက်လာခဲ့ရာ၊ ဧပြီမှ ဇွန် သုံးလပတ်ကာလအတွင်း တစ်ရက်လျှင် ပျမ်းမျှတိုက်ခိုက်မှုပေါင်း ၈.၃ခု ရှိခဲ့ရာမှာ ဇူလိုင်မှ စက်တက်ဘာ သုံးလပတ်ကာလတွင်မူ တစ်ရက်လျှင် ပျမ်းမျှတိုက်ခိုက်မှု ၁၁.၈ခုအထိ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

အဆိုပါကိန်းဂဏန်းများက အမေရိကန်ခေါင်းဆောင်သည့် ညွှန့်ပေါင်းတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုများမှာ အိုင်အက်စ်အုပ်စုအပေါ်တွင် မဆိုစလောက်သာ သက်ရောက်မှုရှိသည်ကို ဖော်ပြနေသည်။

လန်ဒန်အခြေစိုက် ဝေဖန်သရုပ်ခွဲအုပ်စုက အရပ်သားနှင့် အစိုးရအမှုထမ်း ၂၉၇၈ယောက် သေဆုံးခဲ့ရသည့် အိုင်အက်စ်တိုက်ခိုက်မှုပေါင်း ၁၀၈၆ခုကို မှတ်တမ်းတင်ခဲ့ရာတွင် အိုင်အက်စ်အုပ်စု၏ ပျမ်းမျှ နေ့စဉ်သတ်ဖြတ်နှုန်းမှာ ရှေ့ကသုံးလနှင့် နှိုင်းယှဉ်ပါက ၆၅.၃ရာခိုင်နှုန်းအထိ အကြီးအကျယ် မြင့်တက်လာခဲ့ပြီး ရှေ့တစ်နှစ်ကနှင့် နှိုင်းယှဉ်ပါက ၈၁ရာခိုင်နှုန်းအထိ ခုန်တက်လာခဲ့သည်ဟု ဆိုသည်။  

ဤကိန်းဂဏန်းများမှာ IHS Jane’s ၏ အကြမ်းဖက်မှုနှင့် သူပုန်ဌာနမှ အလွယ်တကူရနိုင်သည့် သတင်းရင်းမြစ်များကို အသုံးပြု စုဆောင်းထားခြင်းဖြစ်ရာ အိုင်အက်စ်တို့က အတည်မပြုနိုင်သည့် အခြား တိုက်ခိုက်မှု အတော်များများကိုလည်း ပြုလုပ်ခဲ့ဖွယ်ရာရှိသည်။

‘လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပိုမိုကျယ်ပြန့်တဲ့ ညွှန့်ပေါင်းစစ်ဆင်ရေးတွေက အိုင်အက်စ်အုပ်စုကို အတော်အတန် ဖိအားပေးနိုင်ပေမယ့်လည်း နယ်မြေတွေကို ပြန်သိမ်းပိုက်နိုင်လောက်အောင်တော့ အိုင်အက်စ်တွေကို လုံးဝအရေးနိမ့်သွားစေဖို့ ရေလိုက်လွဲနေပုံရတယ်’’ဟု အကြမ်းဖက်မှုနှင့် သူပုန်စင်တာ၏ အကြီးအကဲ မက်သူး ဟင်မန်းက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

မော်စကိုမှာလည်း အိုင်အက်စ်ကို အပြုတ်တိုက်ဖို့ထက် ဆီးရီးယားအစိုးရကို ကာကွယ်ရေးတွင်သာ ပိုမိုစိတ်ဝင်စားနေရာ လတ်တလောရက်သတ္တပတ်များအတွင်း ဆီးရီးယားတွင် ရုရှ ပါဝင်ပတ်သက်လာ မှုမှာ အိုင်အက်စ်အုပ်စုကို ပိုမို အင်အားတောင့်တင်း သွားစေပုံရသည်။

‘လွန်ခဲ့တဲ့ရက်သတ္တပတ်မှာ ရုရှက ပြိုင်ဘက်အတိုက်အခံအုပ်စုတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် အိုင်အက်စ်အုပ်စုတွေက အလက်ပိုနယ်မြေထဲအထိ ခြေကုတ်ယူလာနိုင်ခဲ့တယ်။ ရုရှရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားတွေ သေဆုံးရတာဟာလည်း အိုင်အက်စ်အုပ်စုအတွက် ဝါဒဖြန့်စည်းရုံးစရာ အချက်တစ်ခုဖြစ်နေတယ်’’ဟု ဟင်မန်းက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly